၉၂၁။ ကန့်လန့်ကာ မတင်ခြင်း(၄)
နန်းတွင်းသမားတော်များက အပြေးအလွှား ရောက်လာကြသည်။ ဘုရင်ကြီးက သတင်းကြားသည်နှင့် ရှုံးဘတို့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံမနေနိုင်တော့ဘဲ မိဖုရားကြီး၏ နန်းဆောင်သို့ တိုက်ရိုက် လာလေ၏။ ရှုံးဘတို့လည်း နောက်မှ လိုက်လာသည်။ ချူလင်းယွဲ့လို ရုပ်ဖျက်ထားသော ဂျန်ဝုရှီလည်း သူတို့နှင့် အတူတူ လိုက်လာသည်။
သူတို့ ရောက်ရှိလာချိန်မှာ သမားတော်များကို အုပ်စုလိုက် တွေ့လိုက်ကြရသည်။ သူတို့က လေ့ဖန်အိပ်ရာကို ဝိုင်းရံထားကြသည်။ လေ့ဖန်မျက်နှာက စာရွက်ပါးတစ်ချပ်လို ဖြူရော်နေလေ၏။
ဘုရင်ကြီးက အိပ်ရာပေါ်မှာ လဲလျောင်းနေသော လေ့ဖန်ကို တွေ့ရလျှင် မြားတစ်စင်းလို အမြန်လာသည်။ သူ အလွန်ချစ်မြတ်နိုးသော အမျိုးသမီးနှင့် ရုပ်ချင်းဆင်သော ထိုမျက်နှာက သွေးခန်းခြောက်သွားသဖြင့် အခု အရောင်အဆင်း ကင်းမဲ့လို့ နေသည်။ သူ အချစ်ဆုံး အမျိုးသမီးကို သူ ပြန်မြင်ယောင်ပြီး သူ့နှလုံးသား နာကျင်ပင်ပန်းသွားရသည်။
စတုတ္ထမင်းသားလေး ဘာဖြစ်သွားတာလဲ၊ မင်းတို့ သမားတုအုပ်စုက စတုတ္ထမင်းသားလေးကို အမြန်ပြန်ကောင်းအောင် မကုသနိုင်ကြဘူးလား၊ စတုတ္ထမင်းသားလေးကို မင်းတို့ မကုသနိုင်ရင်တော့, မင်းတို့ သမားယောင် တစ်အုပ်စုလုံးကို သူနဲ့ အတူတူ မြေမြှုပ်ပစ်မယ် ဘုရင်ကြီးက မျက်နှာ မည်းမှောင်လျက် အော်ငေါက်လိုက်သည်။ သူ့အသံက ကြောက်ရွံ့ထိတ်လန့်ခြင်းဖြင့် ပြည့်နှက်နေသည်။
ဘုရင်ကြီး အော်ငေါက်လိုက်သဖြင့် သမားတော်များက တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။ သူတို့အားလုံး ခေါင်းနှင့် ကြမ်းပြင် ဆောင့်၍ သနားညှာတာဖို့ တောင်းပန်လိုက်ကြသည်။
မိဖုရားကြီးက သူမ၏ ပုံမှန် ခမ်းနားထည်ဝါသော ငြိမ်သက်အေးဆေးခြင်း ပျောက်ဆုံးသွားပြီး အိပ်ရာဘေးတွင် တရှုံ့ရှုံ့ဖြင့် ရှိုက်ငင်၍ ငိုကြွေးနေလေ၏။
အရှင်မင်းကြီး, အရှင်မင်းကြီး သားလေးဖန်ကို ကယ်တင်ပေးပါ။