၄၀၈။ မျှော်လင့်မထားသည့် ရှုပ်ထွေးမှု - ၃
ယင်ယန်မှာ ပြောစရာစကား ကင်းမဲ့သွားသည်။ ၎င်းအကြောင်းအရာကို သူ မစဉ်းစားမိခဲ့ပေ။
သူတို့ နှစ်ယောက် စကားပြောနေစဉ်, ထမင်းစားခန်း ပထမထပ်တွင် ဆူဆူညံညံ အသံ ထွက်ပေါ်လာသည်။
အသားလတ်လတ် လူငယ်တစ်ယောက်က လူအုပ် ခြံရံလျက် ထမင်းစားခန်းသို့ ဝင်ရောက်လာသည်။ သူ့ပုံပန်းသွင်ပြင်အရ အသက် ၁၅၊ သို့မဟုတ် ၁၆နှစ်လောက် ရှိလိမ့်မည်။
ဇီမု, နောက်ဆုံးတော့ ဒီလို ရုတ်ရုပ်သဲသဲ ဖြစ်နေရတာ ဝိညာဉ်ကုစားဌာနက မင်းကို တပည့်အဖြစ် ရွေးချယ်လိုက်လို့ကိုး၊ ကနေ့ မနက်မှာ မင်းက ငါတို့နဲ့ အတူတူ သားရဲဝိညာဉ်ဌာနကို သွားခဲ့တယ်၊ နောက်ဆို ငါတို့ အတူတူ လေ့ကျင့်ရတော့မယ်လို့ ငါ တွေးထင်ထားခဲ့တာ၊ ဒါပေမဲ့ မင်း အကြင်နာမဲ့မယ်လို့ ဘယ်သူ ထင်မိမှာလဲ၊ မင်းက ငါတို့ကို ဒီအတိုင်း ပစ်ထားခဲ့ပြီးတော့ ဝိညာဉ်ကုစားဌာနကို မင်းဘာသာ သွားတယ်ပေါ့၊ ဟုတ်လား ထိုလူငယ်ကို ဝိုင်းရံနေသည့် လူငယ်အုပ်စုက တဖျစ်တောက်တောက် ပြောလေ၏။ သူတို့အုပ်စုမှ ပေါ့ပေါ့ပါးပါး ရယ်သံများကလည်း ထွက်ပေါ်လာသည်။
အုပ်စုအလယ်မှ လူငယ်က နည်းနည်း ရှက်သွားသည်။ သို့သော် ဟိတ်ဟန်ထုတ်ကာ ပြုံးပြသည်။ သူ့ကိုယ်သူ ကျေနပ်နေပုံရသည်။
ငါနဲ့ ဆရာ့အကြား ရေစက်ဆုံမယ်လို့ ငါ ဘယ်သိပါ့မလဲ၊ ဆရာ ငါ့ကို ရွေးချယ်မဲ့ အရိပ်အယောင်ကိုတောင် ငါ မသိဘူး၊ ဒါက တကယ့်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတာပေါ့။ ဇီမုက ကြေကွဲဟန် ဆောင်ကာ ပြောသည်။ သို့သော် သူ့မျက်လုံးများမှ အူမြူးနေဟန်ကို အထင်းသား တွေ့နေရသည်။
ရုတ်ရုတ်သဲသဲ ဖြစ်သွားရတာကို မင်း တာဝန်ခံစရာ အကြောင်းမရှိပါဘူးကွာ၊ ဒါကို အယောင်ဆောင်တစ်ကောင်က လုပ်သွားတာကွ။ လူငယ်တစ်ယောက် ထောင့်စွန်းတွင် ထိုင်၍ အေးအေးဆေးဆေး ထမင်းစားနေသည့် ဂျန်ဝုရှီကို မေးငေါ့ကာ ပြောသည်။ ဂျန်ဝုရှီက မည်သို့မျှ မတုံ့ပြန်ချေ။ ထို့ကြောင့်ပင် သူက အသံမြှင့်ကာ ထမင်းစားခန်းတစ်ခုလုံး ရှင်းရှင်းလင်းလင်း ကြားရအောင် အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။