၃၀၃။ “ဝိညာဉ် အပြောင်းအလဲလုပ်ခြင်း - ၁”
ထိုသတင်းကြောင့် ကျောက်ချူ၏ မျက်လုံးများ လင်းလက်သွားကြသည်။ နောက်ဆုံးတွင် စီမံကိန်းက စတင်လာတော့မှာပေါ့။
“ပြန်သွားပြီး ဂျန်ရှီကို အသိပေးလိုက်၊ သူ ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ ရအောင်။” ဂျန်ရှီက သည်အကွက်ချခြင်း၏ နောက်ကွယ်မှ ဦးနှောက်ပိုင်ရှင်ဖြစ်သည်။ ဂျန်ရှီက သည်သတင်းကို သိဖို့လိုသည်။
“မင်းတို့ နှစ်ယောက်လုံးက ဒီအချိန်ကို စောင့်ဆိုင်းနေကြတာလား” ကျောက်ချူက နောက်ဆုံးတွင် အကြောင်းပြချက်ကို နားလည်သွားသည်။ ဟွာယောင်းက ခဲချန်ဂျုလို ဟန်ဆောင်ထားသည်မို့ ခဲချန်ဂျုကို နားလည်ထားသော်လည်း သူ့လို စရိုက်မျိုးကို အပြည့်အဝ ပုံတူကူးချဖို့ အချိန် ပိုလိုအပ်သည်။
ထို့ပြင် ခဲချန်ဂျုက သူတပါးကို အတော်ဒုက္ခပေးတတ်သူမို့ သူက ချင်ယွဲ့ထံ သူ့ဆန္ဒအလျောက် သွားရိုးထုံးစံ မရှိပေ။ သူတို့က ချင်ယွဲ့ထံ တိုက်ရိုက်သွား၍ တောင်းဆိုခဲ့လျှင်, ချင်ယွဲ့က သံသယဝင်လာမှာ ဖြစ်သည်။ ထို့ကြောင့် သူတို့က ချင်ယွဲ့အလာကို အသာအယာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ဟွာယောင်းက သဘောတူသဖြင့် ခေါင်းညိတ်ပြသည်။
ကျောက်ချူက စိတ်လှုပ်ရှားတက်ကြွလာသည်။ “တကယ်လား, ငါ အခုပဲ ရှီလေးကို သွား အသိပေးလိုက်တော့မယ်။”
ကျောက်ချူက ချက်ချင်းပင် ပြူတင်းပေါက်မှ ခုန်ထွက်၍ ဂျန်ဝုရှီထံ သတင်းစကား ပြောရန် အပြေးအလွှား သွားသည်။
ဟွာယောင်း၏ နှုက်ခမ်းထောင့်က ကွေးတက်သွားသည်။ ပွင့်နေသည့် ပြူတင်းပေါက်ကို ကြည့်နေရင်း နောက်နေ့တွင် လူများ လာရောက်တာကို ပိတ်ပင်ရန် အပြင်းအထန် စဉ်းစားနေသည်။
ကျောက်ချူက ဂျန်ဝုရှီကို တစ်ခါတည်း သွားရှာသည်။ မျှော်လင့်ထားသလိုပင် ဂျန်ဝုရှီက ဆေးခင်းထဲတွင် အလုပ်များနေသည်။ သူက ဂျန်ဝုရှီထံ အလျင်အမြန် သွား၍ စိတ်လှုပ်ရှားစွာ ရှင်းပြသည် “ချင်ယွဲ့က မနက်ဖြန် ဟွာ.... ခဲချန်ဂျုဆီ လာတွေ့လိမ့်မယ်၊ မင်း လိုအပ်တာ ပြင်ဆင်လို့ ရအောင် အကိုဟွာက မင်းကို ပြောခိုင်းလိုက်တယ်။”
