၃၉၉။ အားကျခြင်း မနာလိုခြင်း မုန်းတီးခြင်း - ၃
ထိုလူ့စကားကို လူငယ်များ ကြားရလျှင် ဝေါခနဲ ဖြစ်သွားကြသည်။
လူငယ်များ အကြီးအကျယ် မျှော်လင့်ထားခဲ့တာက အခုတော့ သူတို့ လုံးလုံး မယုံကြည်နိုင် ဖြစ်သွားကြသည်။ သူတို့ ထိုင်ခုံများမှာ ထိုင်မနေနိုင်လောက်အောင် ဖြစ်သွားကြသည်။
ဂူလီရှန် မလာတော့ဘူးတဲ့လား။
ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။
သူတို့ ဝိညာဉ်ကုစားဌာနသို့ ဝင်ခွင့် ပုံစံအမျိုးအစားကို ပြောင်းလဲလိုက်ကြတာလား။ လူငယ်များက စင်ပေါ်ရှိ လူကို ကြည့်ရင်း အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။ သူတို့က အချက်အလက် အတိအကျ အပြည့်အစုံ သိချင်နေကြသည်။
ထူလူက လူငယ်များအား ပြန်ကြည့်၍ မကူညီနိုင်သလို ဖြစ်သွားကာ ပြောလာသည် ဆရာ ဂူက သူ့သတင်းစကားကို ပါးလိုက်တယ်၊ ဒီနှစ်အတွက် ဝိညာဉ်ကုစားဌာနတပည့်ကို ရွေးချယ်ပြီးသွားပြီတဲ့။
ရွေးချယ်ပြီးသွားပြီလား။
လူငယ်များအားလုံး အံ့အားသင့်ကုန်သည်။
ဘယ်တုန်းက ရွေးချယ်လိုက်တာလဲ။
ဘာလို့ သူတို့ မသိလိုက်ရတာလဲ။
လူငယ်များက သူတို့ အချင်းချင်း ဆွေးနွေးနေကြသည်။ အများစု တွေးထင်မိတာ... ဂူလီရှန်က တပည့်ရွေးချယ်သည့် နည်းလမ်းတစ်မျိုး ပြောင်းလဲလိုက်ပြီး လျှို့ဝှက်စွာ သူတို့အားလုံး၏ အပြုအမူမှန်သမျှကို သင်ခန်းစာပို့ချအခန်းသို့ ဝင်ရောက်လာကတည်းက စူးစမ်းထားသလားဟူ၍ ဖြစ်သည်။
ဂူလီရှန်က သူ့တပည့်များအား ရွေးချယ်ရာမှာ မည်သည့်စံ သတ်မှတ်ထားသလဲဆိုသည်ကို မည်သူမျှ အတိအကျ မသိကြချေ။ အခု ရွေးချယ်ပြီးသွားပြီဟူ၍ ကြေညာပြီး ဖြစ်သည်။ ဂူလီရှန်က သည်အခန်းထဲမှာ ရောက်နေတာ ကြာပြီး သူတို့အားလုံးကို လျှို့ဝှက်စွာ စူးစမ်းလေ့လာခဲ့သလားဟူ၍သာ သူတို့ တွေးထင်မိကြသည်။
သည်တွေးထင်ယူဆချက်က သူတို့ အားလုံးကို ထိတ်လန့်သွားစေသည်။ သည်အခန်းထဲမှာ သူတို့အားလုံး၏ ပြုမှု ပြောဆိုပုံများကို ပြန်လည် တွေးတောမိကြလို့ ဖြစ်သည်။ သင်ခန်းစာပို့ချတာကို သူတို့ စိတ်ဝင်တစား ရှိခဲ့ကြရဲ့လား၊ သို့မဟုတ် အနှောင့်အယှက် ပေးခဲ့ကြရဲ့လား၊ ဒါမှ မဟုတ် အာရုံမစိုက်ဘဲ နေခဲ့ကြရဲ့လားဟု သူတို့အားလုံး ပြန်လည် ဆန်းစစ်နေကြသည်။ သူတို့ အပြုအမူများကြောင့် ဂူလီရှန် စိတ်ပျက်၍ ထွက်ခွာသွားတာလားဟူ၍ သူတို့ အားလုံး စိုးရိမ်ပူပန်နေကြသည်။
