၄၄၄။ အချိန်ကောင်း - ၃
လိပ်ပြာသားရဲ အမဲလိုက်ပွဲတွင် ပါဝင်ရန် ဂျန်ဝုရှီ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဖန်ဇိုက တားမြစ်သော်လည်း မရပေ။ ဖန်ဂျင်ကို ဆွဲခေါ်၍ ဖျောင်းဖျသော်လည်း အရာမဝင်ပေ။
ကံကောင်းသဖြင့် ဖန်ဂျင်က ဂျန်ဝုရှီနှင့် အတူတူ လိပ်ပြာသားရဲ အမဲလိုက်ပွဲမှာ ရှိနေမည် ဖြစ်သည်။ ဖန်ဇိုက သူ့အကို၏ စွမ်းရည်ကို လုံးဝ စိတ်ချယုံကြည်သည်။ သို့အတွက် သူ အနည်းငယ် စိတ်အေးသွားသည်။
ထိုနေ့ညဦးပိုင်းမှာပင် ဖန်ဇိုက အာ့ဂျင်ကို ဝါးတောအုပ်မှ မောင်းထုတ်လိုက်သည်။ အာ့ဂျင်က တအီအီငိုကြွေးလျက်ရှိသဖြင့် ဖန်ဂျင်က ဒေါသထွက်လာကာ တစ်ချက်လောက် ရိုက်ထုတ်ပြီး ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ ဆွဲခေါ်သွား၍ ကျောင်းအုပ်ကြီးကို တာဝန်ပုံချလိုက်သည်။
လိပ်ပြာသားရဲ အမဲလိုက်ပွဲကား တဖြည်းဖြည်း နီးကပ်လာသည်။ ၇ရက်မျှသာ ကျန်တော့သည်။ ဂျန်ဝုရှီက ဖန်ဇိုအတွက် အားပြန်ဖြည့်ရန် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပေးထားသည်။ သူမ မရှိခင် အဆင်ပြေစေရန် ဖြစ်သည်။ သူမက ကြောင်နက်လေးကို ဝါးတောအုပ်တွင် ချန်ထားရစ်ခဲ့လိုသည်။
ဖန်ညီအကိုက ထိုကိစ္စကို ချက်ချင်း ငြင်းဆိုကြသည်။
သူတို့ မြင်ရသလောက် ကြောင်နက်လေးက ဂျန်ရှီ၏ လက်စွပ်ဝိညာဉ်ဖြစ်ပြီး အဆင့်နိမ့်သော်ငြား သေးသေးကွေးကွေး ဂျန်ရှီကိုတော့ ကာကွယ်လို့ ရသေးသည်။
ဖန်ဇိုအား ဆေးခတ်သူကို ထုတ်ဖော်နိုင်ရန် ကြောင်နက်လေးကို ဝါးတောအုပ်တွင် ချန်ထားရစ်ဖို့ ဂျန်ဝုရှီ ရည်ရွယ်သည်။ ဖန်ဇိုက နောက်တဖန် လဲပြိုကျခြင်း ဖြစ်မှာ မဟုတ်ဟု ယုံကြည်လက်ခံအောင် ပြောသဖြင့် နောက်ဆုံးတွင် ဂျန်ဝုရှီ ၎င်းအကြံကို လက်လျှော့လိုက်ရသည်။
လိပ်ပြာသားရဲ အမဲလိုက်ပွဲနေ့ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ဂျန်ဝုရှီက လုံးလုံး အခန်းအောင်းလိုက်သည်။ ကြာပန်းလေး၏ ပြန်လည်ကုစားမှုက အခြေအနေ အများကြီး တိုးတက်လာသည်။ ကြာပန်းလေး နဂိုအတိုင်း ရွှန်းရွှန်းစားစား ပြန်လည် ကောင်းမွန်ဖို့ ရက်အနည်းငယ်သာ လိုတော့သည်။