၂၆၉။ “အိပ်မက်ဆိုးဖြစ်လာခြင်း - ၁”
(သခင်မလေး, ဒီနေရာက တော်တော် ဆိုးရွားပုံပဲ။)
အနက်ရောင်မြူထုက ဂျန်ဝုရှီ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာပြီး ပေါ့ပါးသွက်လကသည့် ကြောင်နက်လေးအသွင်သို့ ပြောင်းသွားသည်။ ကြောင်နက်လေးက အိပ်ရာပေါ်သို့ ခုန်တက်ပြီး သူ့မွေးထူအမြီးကို အကြမ်းပတမ်း ယမ်းလိုက်သည်။ လေထုထဲရှိ မကောင်းသည့် အနံ့ကို သူက ဖယ်ရှားပစ်ရန် ကြိုးစားဟန် ရသည်။
“ဒါက လေးလံလွန်းတဲ့ သေခြင်းရနံ့ပဲ။” ဂျန်ဝုရှီက အထင်သေးဟန်ဖြင့် ပြောသည်။ သည်ရနံ့က သူမနှင့် ရင်းနှီးနေကျ ရနံ့ဖြစ်သည်။ မျက်နာပြင်ပေါ်မှ ပျောက်ကွယ်သွားသည့် ခန္ဓာကိုယ်များသည် တဖြည်းဖြည်း ပုတ်ဆွေးသွားလျှင်, သေခြင်းရနံ့က ပွင့်လန်းလာသည်။ တိမ်ဖုံးတောင်ထွတ်သည် အပေါ်ယံအားဖြင့် အလေးအမြတ်ထားစရာ နေရာဖြစ်သော်လည်း ပုန်းကွယ်နေသည့် အတွင်းပိုင်းတွင် သေခြင်းတရားများက လျှို့ဝှက်တည်ရှိနေပြီး မမြင်နိုင် မသိနိုင် ဖြစ်နေကြသည်။
(အဲ အရုပ်ဆိုး အကျည်းတန်တဲ့ မွန်းစတားက ကောင်းတဲ့ပုံ မပေါ်ဘူး။)
ကြောင်နက်လေးက ဂျန်ဝုရှီ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသော်လည်း ခဲချန်ဂျုကို မြင်နိုင်သည်။ သူက တကယ်ပင် ကြောက်စရာ ရုပ်သွင်ရှိသည်။
ဂျန်ဝုရှီက တိတ်ဆိတ်သွားပြီး ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်လိုက်သည်။
သူတို့က တိမ်ဖုံးတောင်ထွတ်သို့ လာခဲ့ပြီး နေထိုင်ရာဌာနသို့ တိုက်ရိုက် ခေါ်ဆောင်ခံလိုက်ကြရသည်။ မည်သူမျှ သူတို့အား အရေးမစိုက်ကြချေ။ တက်ကြွနေသည့် လူငယ်များက ညနေစောင်းချိန်တွင် ဝန်းထဲတွင် စုစည်းလာကြသည်။ သူတို့က ညွန်ကြားချက်မရှိဘဲ ဟိုဟို ဒီဒီ မသွားရဲကြချေ။ သူတို့က သည်အရာကို အခွင့်အရေးတစ်ခုပမာ တန်ဖိုးထားနေကြသည်။