၆၂၄။ ပြဿနာဖိတ်ခေါ်ခြင်း-၁
သို့သော် ဂျန်ဝုရှီ၏ လေညင်းကျောင်းတော်ရှိ အနေအထားက ထူးခြားသည်။ သူမက ဂူလီရှန်၏ ထိပ်ဆုံးအဆင့် အနှစ်သက်ဆုံး တပည့်ဖြစ်သည်။ ထို့ကြောင့် သူမက လူတိုင်းထက် ပိုမို တောက်ပလွန်းသူ ဖြစ်သည်။ ထို့ပြင် သူမက အမြဲတမ်းလိုလို ဝါးတောအုပ်လေးမှာ အောင်းနေတတ်ပြီး တခြားကျောင်းသားများနှင့် အချိတ်အဆက် မရှိပေ။ ထို့ကြောင့် ကိုယ်ပိုင်အစောင့်ထားခြင်းက မည်သည့် အခက်အခဲမျှ ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဖန်ချီက လက်ခံသဘောတူလိုက်သည်။
ဖန်ချီ မသိခဲ့တာက, ကနေ့ သူ့ဆုံးဖြတ်ချက် တစ်ခုက, နောင် နီးကပ်သော ကာလတွင် လေညင်းကျောင်းတော်တစ်ခုလုံးကို ကယ်တင်ပေးမည့် သော့ချက် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ပိုမို၍ မျှော်လင့်မထားမိတာက, နောင် သိပ်မကြာခင်မှာ လေညင်းကျောင်းတော်က ပြန်လည် တည်ငြိမ်လာခါစမှာပင် ကပ်ဘေးကို ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းကပ်ဘေးက သူတို့အားလုံးကို သုတ်သင်ပစ်နိုင်လိမ့်မည်ဆိုတာပင် ဖြစ်သည်။
===============
လေညင်းကျောင်းတော် လက်ထောက် ကျောင်းအုပ်ကြီး၏ ရုံးခန်းတွင် နင်ရူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူက စားပွဲနောက်တွင် ထိုင်နေ၏။ သူ့ရှေ့ စားပွဲပေါ်တွင် သွေးစွန်းနေသော လူနာတင် ထမ်းစင်တစ်ခု ရှိသည်။ ထမ်းစင်တစ်ခုလုံးကို အဖြူရောင် အဝတ်စဖြင့် ဖုံးအုပ်ထားသည်။ ၎င်းအဖြူရောင် အဝတ်စအောက်တွင် လူသားတစ်ယောက် ပုံသဏ္ဌာန်ကို ဖုံးကာထားသည်။ အဖြူရောင်အဝတ်စမှာ သွေးများ စွန်းထင်းနေသည်။ နင်ရူ၏ မျက်လုံးများက ကြောင်တိကြောင်တောင် ဖြစ်နေသည်။
ယမန်နေ့ ညအချိန်မှ စပြီး ခုထက်ထိ, နင်ရူက သူ့စားပွဲနောက်တွင် မလှုပ်မယှက် ထိုင်နေသည်။ သူ့မျက်လုံးများက သွေးစွန်း လူနာတင် ထမ်းစင်မှ ဘယ်တုန်းကမှ ခွာမသွားခဲ့ပေ။
နင်ရှင်း သေသွားခဲ့လေပြီ။ သူ၏ တစ်ဦးတည်းသော သမီးလေး သေသွားခဲ့လေပြီ။
သူ့ မျက်စိရှေ့မှာတင် သေသွားခဲ့ခြင်း ဖြစ်သည်။ သူမ သေသည်အထိ ကျာပွတ်ဖြင့် အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ သူမ သေချိန်မှာ သူမ ခန္ဓာကိုယ်က နှစ်ခြမ်း ကွဲသွားခဲ့သည်။ သူမ ခန္ဓာကိုယ် အပြည့်အစုံဖြင့် သေခွင့်မရခဲ့ချေ။
