၆၅၂။ ငါ့လူနာကို မရှုပ်နဲ့ (၄)
ထိုလူက ခန္ဓာကိုယ်တစ်ခုလုံး သိသာထင်ရှားစွာ တုန်ယင်လျက် ဂျန်ဝုရှီကို ကြည့်သည်။ သူ့ရှေ့ရှိ လူငယ်က ပိန်သေးသေးဖြင့် ချည်နဲ့သယောင် ထင်ရသော်လည်း ၎င်းလူငယ်ကို သူ နည်းနည်းလေးမျှ အထင်မသေးဝံ့ပေ။
ဒဏ္ဍာရီလာ ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးကို အမိန့်ပေးနိုင်သူက မည်သည့် နည်းဖြင့်မဆို သာမန် လူငယ်တစ်ယောက် မဖြစ်နိုင်ချေ။
သူတို့ လူအများကြီးသည်ပင် လိပ်ပြာသားရဲကြီးရှေ့မှ လွတ်မြောက်အောင် မပြေးနိုင်ကြဘဲ အဖမ်းခံလိုက်ကြရသည်။ သစ်တောထဲမှာ သူတို့ လူစုခွဲ၍ ပြေးကြပြီး သစ်ပင်ထူထူများကြားမှာ ပုန်းအောင်းခဲ့ကြသော်လည်း သူတို့ လွတ်မြောက်သည်အထိ ကံမကောင်းခဲ့ကြချေ။
ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး၏ မယုံကြည်နိုင်ဖွယ် စွမ်းအားကို သတိပြုမိပြီးနောက်, သူတို့ လွတ်မြောက်ဖို့ မည်သူမျှ အတွေးမပေါ်ကြတော့ချေ။
ကျုပ်...ကျုပ်... ထိုလူက သိသိသာသာ တောင့်တင်းနေသည်။ သူက သူ့ပတ်ပတ်လည်ကို ခိုးကြောင်ခိုးဝှက်ဖြင့် လှည့်ကြည့်လိုက်သည်။
ဂျန်ဝုရှီ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ လော့မဲ့မဲ့က အလိုက်သတိဖြင့် သူ့သခင်မလေး၏ စိတ်အနှောင့်အယှက် ဖြစ်သွားတာကို သိလိုက်ပြီး ခိုးကြောင်ခိုးဝှက် ငဲ့ကြည့်သော ထိုလူကို သူ့အမြီးဖြင့် အသာအယာ ရိုက်ထည့်လိုက်သည်။
ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး၏ နမော်နမဲ့ ဖျတ်ခနဲ ရိုက်ချက်က သာမန်လူသားတစ်ယောက်အနေဖြင့် တောင့်ခံနိုင်သော အင်အားတစ်ရပ် မဟုတ်ပေ။
အား...... နားကွဲလုမတတ် အော်သံ ထိုလူအထံမှ ပေါ်လာသည်။ ထိုလူ၏ တစ်ကိုယ်လုံးက မြေကြီးထဲ နိမ့်ဝင်သွားသည်။ ထိုလူကား အတော်များများ ကျိုးကြေသွားရသည်။ သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်။ မြေပြင်ကား သွေးချင်းချင်း နီသွားလေ၏။
ထိုလူက အားနည်းချည့်နဲ့စွာ အကြိမ်များများ အော်ဟစ်ညည်းတွားပြီး သူ့ခန္ဓာကိုယ်က ကြမ်းတမ်းစွာ အကြောဆွဲလျက် လုံးဝ ငြိမ်ကျသွားလေ၏။
