၄၂၆။ ရောဂါလော, အဆိပ်လော - ၁
အာ့ဂျင်က ဆက်လက်ပြောရန် ဟန်ပြင်စဉ် ဖန်ဇိုက ကြားဖြတ်ဟန့်တားသည်။
အာ့ဂျင်... ဒီအကြောင်းကို နောက်နောင် မင်းကို ထပ် မပြောစေချင်ဘူး၊ ငါ့အကိုကို ငါ ယုံကြည်တယ်၊ ရှီလေးကို ငါ ယုံကြည်တယ်၊ တခြားလူတွေပါးစပ်ဖျားကနေ ထွက်လာတဲ့ အတင်းအဖျင်းစကားဆိုတာ နေ့တိုင်း ဒီမှာ ငါကိုယ်တိုင် မြင်, ငါကိုယ်တိုင် ကြားတာနဲ့ နှိုင်းယှဉ်လို့ မရဘူး၊ ရှီလေး ဒီမှာ နေတာ မကြာသေးပေမဲ့ သူက တခြားသူတွေကို နှောင့်ယှက်ဖူးတာတောင် ရှိလို့လား၊ စားဖိုဆောင်ထဲ ရုတ်တရက် တွေ့လာရတဲ့ အဲအားဆေးတွေ ဘယ်ကနေ ပေါ်လာမှန်း မသိဘူးလို့တော့ မင်း မပြောနဲ့။ ဖန်ဇိုက အာ့ဂျင်ကို ကြည့်၍ ပြောသည်။ နူးညံ့သိမ်မွေ့နေကျ သူ့မျက်နှာက မနှစ်သက်ဟန် ပေါ်လွင်နေ၏။
ဂျန်ရှီက စကားများများ ပြောတတ်သူ မဟုတ်။ ထို့ပြင် လူချင်း ရင်းနှီးလွယ်ဖို့လည်း လွယ်ကူသူ မဟုတ်ပေ။ သို့သော် ၎င်းအချက်က အတွင်းစိတ် ပုပ်စပ်သူဟူ၍ ဆိုလိုသည် မဟုတ်ပေ။
ဂျန်ဝုရှီ ဝါးတောလေးသို့ ရွှေ့ပြောင်းလာပြီးနောက် အာ့ဂျင် မကြာခဏ ဆိုသလို စားဖိုဆောင်တွင် တန်ဖိုးကြီး အားဆေးပုလင်းများကို တွေ့လာရသည်။ ၎င်းအားဆေးပုလင်းများက လေထုထဲမှ ပေါ်ထွက်လာသလိုပင်။ ၎င်းတန်ကြေးကြီး ဆေးပုလင်းများကို နေရာတကာမှာ တွေ့ရသည်။ သာမန် ဟင်းသီးဟင်းရွက်လို ထားပစ်ခဲ့ခြင်း ဖြစ်သည်။ အာ့ဂျင် ပထမဆုံး တွေးမိတာက ကျောင်းအုပ်ကြီးက သူ့လူများကို ပို့ခိုင်းထားတာဟူ၍ ဖြစ်သည်။ သို့သော် အစောင့်ကို မေးကြည့်သော် သူ ၎င်းဆေးပုလင်းများ ပို့ဆောင်တာ မမြင်မိဟူ၍ ပြောဆိုသည်။
အာ့ဂျင်က ၎င်းထူးဆန်းသော အဖြစ်ကို ဖန်ဇိုအား ပြောပြလျှင် ဖန်ဇိုက ၎င်းဆေးပုလင်း ထားရှိသူကို ချက်ချင်း မှန်ကန်စွာ ခန့်မှန်းမိသည်။
ဂျန်ရှီက ၎င်းဆေးပုလင်းများကို လျှို့ဝှက်သိုသိပ်စွာ ထားရှိခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဂျန်ရှီက အမြဲတမ်းလိုလို မျက်နှာက အေးစက်စက် ဖြစ်နေသော်လည်း သူ့နှလုံးသားက နွေးထွေးမှန်း သူ သိသည်။