၆၁၇။ နောက်ဆုံးတော့ ငါ့ကို သတိရပြီပေါ့-၅
ဂျန်ဝုယောင်းက ခေါင်းခါ၍ ဂျန်ဝုရှီ၏ တခြားလက်တစ်ဖက်ကို ဆွဲယူ၍ ရွှေရောင်အစေ့လေးကို အုပ်ပေးလိုက်ပြီး တီးတိုး ပြောသည် လက်စွပ်ဝိညာဉ်ကို စုပ်ယူသလို စုပ်ယူလိုက်၊ ဖြည်းဖြည်းချင်းပေါ့။
ဂျန်ဝုရှီက သူ ပြောသလို လုပ်ရန် မျက်စိမှိတ်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးအတွင်း အုပ်ကိုင်ထားသော ရွှေရောင်အစေ့လေးကို ဖြည်းဖြည်းချင်း စုပ်ယူသည်။
သူမစိတ်က ငြိမ်ကျသွားသည်။ ဂျန်ဝုရှီ၏ ဝိညာဉ်က နက်ရှိုင်းသော အမှောင်ထုထဲ နစ်မြုပ်သွားသည်။ သူမ ပတ်ပတ်လည် ပိတ်ပိတ်သည်းသည်း မဲမှောင်နေသည်။ ကိုယ့်လက်ကိုပင် ပြန်မမြင်ရအောင် မှောင်ပိန်းနေသည်။ သို့သော် အမှောင်ထုထဲမှာ ရွှေရောင်အလင်းအမျှင်လေးက ဖျတ်ခနဲ လင်းလက်လာသဖြင့် မျက်စိပင် ကျိန်းစပ်သွားသည်။
ရွှေရောင်အလင်းများက ကြီးထွားနှုန်း မြန်လာသည်။ အမှောင်ထုထဲမှာ ရွှေရောင်အလင်းမျှင်များကို အတော်များများ ချန်ထားရစ်ခဲ့သည်။ အစပထမတွင် ရွှေရောင်အလင်းမျှင်တစ်ခုသာ ဖြစ်သည်။ တဖြည်းဖြည်း အလင်းမျှင်များက များပြားလာပြီး အမျှင်တန်းအချင်းချင်း ရှုပ်ယှက်ခတ်လာသည်။ အဆုံးမရှိ အမှောင်ထုထဲမှာ ကြီးမား၍ မျက်စိကျိန်းစေသော ရွှေရောင်အလင်းမျှင်ကွန်ယက်ကို ရက်လုပ်လာသည်။
ရုတ်တရက် ထိုရွှေရောင်အလင်းမျှင်ကွန်ရက်ကြီးက ထိန်ထိန်လင်းလျက် ပေါက်ကွဲထွက်သွားပြီး အမှောင်ထုကို ဆန့်ကျင်လျက် ကျဆင်းသွားသည်။ ထို့နောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
မကြာခင် အရာရာတိုင်းက နောက်တစ်ဖန် ပိန်းပိတ်အောင် မှောင်သွားပြန်သည်။ ခဏတဖြုတ်လောက် ရပ်တန့်သွားပြီးနောက် ရွှေရောင် အလင်းမှိန်မှိန်လေးက အမှောင်ထု လွှမ်းခြုံနေသော ဝန်းကျင်အလယ်မှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ထိုအရာက ရွှေရောင်အစေ့လေး ဖြစ်သည်။ လေထုအလယ်မှာ တွဲလွဲဆွဲလျက် ပေါင်းစည်းဖြစ်ပေါ်လာသည်။ အရပ်မျက်နှာအနှံ့ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းကို ထုတ်ပေးသည်။