၈၆၀။ အကြောင်းမဲ့ နှိပ်စက်ခြင်း (၃)
သခင်လေးဂန်ရဲ့ ခန္ဓာကိုယ်က ပိန်ပါးပြီး အထိမခံနိုင်တဲ့ အနေအထားပဲ၊ ဒီအကျဉ်းထောင်ထဲမှာ နှိပ်စက်တဲ့ နည်းလမ်း ၇၂မျိုးကို သခင်လေး ဂျန် တောင့်ခံနိုင်မလားဆိုတာ ကျနော်တို့ တကယ် မသိဘူး၊ ကျနော်တို့ သိထားတာက, အရင်တုန်းက ဒီနှိပ်စက်ခြင်း ၇၂မျိုးကို တောင့်ခံနိုင်တဲ့ လူက အသက်ရှင်သေးရင်တောင် မသန်မစွမ်း လူ့အမှိုက် ဖြစ်သွားတယ်ဆိုတာပဲ၊ ဒီလောက် ဝိညာဉ်စွမ်းအားကြီးမားတဲ့ သခင်လေးဂျန်က ဒီလို နှိပ်စက်မှုကို ခံရတယ်ဆိုတာ ရှက်စရာတော့ အကောင်းသား။
ကြာပွတ်ကိုင်ထားသော ထောင်မှူးက ပြောသည်။ သူက ကြာပွတ်ကို ဗြန်းခနဲ မြေပြင်ကို ရိုက်ထည့်လိုက်သည်။ ကြာပွတ်သံက လေထုကို ထိုးခွဲ၍ ဂျန်ဝုရှီဘေးမှ ဖြတ်သန်းသွားပြီး မြေပြင်ပေါ် ကျရောက်သွားသည်။ ညစ်ပတ်ပေကျံနေသော မြေပြင်မှာ ကြာပွတ်ရိုက်ကြောင်း ထင်သွားလေ၏။
ဂျန်ဝုရှီက ရက်စက်ကြမ်းကြုတ်လိုသော ထောင်မှူးနှစ်ယောက်ကို အေးစက်စက် ကြည့်နေသည်။
အမှောင်ရိပ်ထဲမှာ ပုန်းနေသော ကျောက်ချူက အရာအားလုံးကို စူးစမ်းလေ့လာနေသည်။ ၎င်းထောင်မှူးနှစ်ယောက်က ဂျန်ဝုရှီကို တကယ်ပင် နှိပ်စက်ညှဉ်းပန်းပြီး ဒုက္ခပေးကြတော့မည်။
ကျောက်ချူက တစ်ခဏလေးပင် အောင့်အီးသည်းမခံနိုင်တော့ဘဲ ထိုငမိုက်သားနှစ်ကောင်ကို ထုရိုက်၍ သွားများ တစ်ချောင်းမကျန်ရအောင် ထိုးနှက်ပစ်ရန် ထွက်လာဖို့ ပြင်လိုက်သည်။ ထိုစဉ် ဂျန်ဝုရှီက သူ့ဘက်သို့ လှည့်ကြည့်၍ သိုသိုသိပ်သိပ် ခေါင်းယမ်းပြလိုက်သည်။
ကျောက်ချူက အဟုန်ပြင်းပြင်း ပေါက်ကွဲထွက်မတတ် ဖြစ်လာသော သူ့ဒေါသကို အတင်းအကျပ် ထိန်းသိမ်းလိုက်ရသဖြင့် နှလုံးအောင့်သွားရသည်။ ထို့နောက် သူက အရိပ်ထဲမှာပင် ဆက်လက် ပုန်းအောင်းနေလိုက်သည်။
ထောင်မှူးနှစ်ယောက်က ဂျန်ဝုရှီကို ပတ်ချာလှည့်ကြည့်သည်။ ပထမဆုံးသော ကြာပွတ်ရိုက်ချက်ကို မည်သည့် နေရာမှာ ရိုက်လျှင် အကောင်းဆုံး ဖြစ်မလဲဆိုတာကို ဆုံးဖြတ်ဖို့ ကြိုးစားနေပုံရသည်။ ဂျန်ဝုရှီ၏ တည်ငြိမ်အေးဆေးခြင်းက သူတို့ကို ချောက်ချားစ ဖြစ်လာစေသည်။ အကျဉ်းချခံရသော တခြားလူများဆိုလျှင် အော်ဟစ်နေကြပြီး တောင်းပန်ခယနေကြရသည်။ သို့သော် ဒီလူငယ်က ကွဲပြားခြားနားလေ၏။