၈၀၇။ ရန်တိုင်းပြည်၏ အိမ်ရှေ့စံ (၄)
ညနက်နက်မှာ လေအေးများ တိုက်ခတ်နေသည်။ အစောင့်နှစ်ယောက်က ရုတ်တရက် အလွန် အိပ်ချင်လာသဖြင့် ခဏလေးအတွင်းမှာပင် သူတို့၏ လှံတံများကို မှီ၍ အိပ်ပျော်သွားကြလေ၏။
သူတို့ နောက်ဆုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြချိန်မှာ သူတို့ ခေါင်းများ ဘေးသို့ ငိုက်ကျသွားကြလေ၏။ ဂျန်ဝုရှီတို့က အနောက်ဘက်အဆောင်မှ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာကြသည်။
အိမ်ရှေ့စံ၏ နန်းဆောင် တ်ည်နေရာက ကြီးမားကျယ်ပြန့်သည်။ အနောက်ဆောင်နှင့် အိမ်ရှေ့စံနေသော အရှေ့ဘက်အဆောင်က အလှမ်းဝေးသည်။ ညနက်သန်းခေါင် ဖြစ်နေသော်လည်း ကင်းလှည့်နေသော အစောင့်များ ရှိနေကြဆဲသာ။ သို့သော် ကင်းလှည့်အစောင့်များက လက်တစ်ဝါးစာသာ ရှိသော ကြောင်နက်လေးကို လုံးဝ သတိမပြုမိကြချေ။ ကြောင်နက်လေးက သူတို့ကို သေချာ တွက်ချက်၍ စူးစမ်းလေ့လာနေသည်။ ကင်းသမားများ စင်္ကြံလမ်းကို ကျော်ဖြတ်ပြီး တစ်မိနစ်အတွင်းမှာပင် ဂျန်ဝုရှီတို့ အုပ်စုက အလျင်အမြန် လှုပ်ရှား၍ လေ့ချန်၏ အိပ်ဆောင်သို့ ဖြတ်ဝင်သွားကြသည်။
လေ့ချန်က အရက် အတော်သောက်ထားသဖြင့် လုံးလုံး မူးမေ့နေပြီး အိပ်ယာပေါ်မှာ လဲလျောင်း၍ အိပ်ပျော်နေလေ၏။ နည်းနည်းလေးပင် လှုပ်ရှားခြင်း မရှိပေ။
အိပ်ခန်းဝင်ပေါက်ရှိ အစောင့်နှစ်ယောက်ကို မေ့အောင် လုပ်ပြီးနောက် ဂျန်ဝုရှီက အစောင့်အကြပ်မရှိသော လေ့ချန်၏ အိပ်ခန်းသို့ လျှောက်လှမ်းဝင်ရောက်လာသည်။ အခန်းထဲမှာ ဖယောင်းတိုင် တစ်တိုင်တည်းသာ ထွန်းညှိထားသည်။ ၎င်းဖယောင်းတိုင်အလင်းရောင်က မဲမှောင်နေသော အခန်းဝယ် မှိန်ဖျော့စွာ လင်းလက်နေသည်။
ကျောက်ချူက အိပ်ဆောင်ထဲသို့ ဖြတ်ဝင်လာသည်နှင့် အိပ်ယာပေါ်တွင် မလှုပ်မရှား အိပ်နေသော လေ့ချန်ကို မြင်လိုက်သည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသော လေ့ချန်ကို တွေ့မြင်ရလျှင် ယုတ်မာလိုသော အပြုံးက သူ့နှုတ်ခမ်းမှာ ထင်းထင်း ပေါ်လာသည်။