၅၅၁။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၈
မုကွိုင်ဖန်၏ အဖွဲ့သားတစ်ယောက်က နွံဗွက် ဝါးမျိုခြင်းကို လုံးဝ ခံလိုက်ရသည်။ သူ့သက်မဲ့ကိုယ်ကိုပင် ပြန်မရခဲ့ချေ။
နေရာအနှံ့ ပြန့်ကျဲနေပြီး မမြင်ရသော နွံဗွက်များအပြင် ကြောက်စရာ လိပ်ပြာသားရဲများလည်း မြူထုထဲမှာ ပုန်းအောင်းနေကြသည်။ သူတို့အဖွဲ့က အတွေ့အကြုံ ကြွယ်ဝကြသည်။ သို့သော် သူတို့ လိပ်ပြာသားရဲများ၏ တိုက်ခိုက်မှုကြောင့် သူတို့ လူတစ်ဝက် ဆုံးရှုံးသွားကြသည်။ ၎င်းအန္တရာယ်များထက် ပိုမို ကြောက်စရာကောင်းသည်က မြူထုထဲမှာ သူတို့ ပတ်ပတ်လည် နေရာတိုင်း အဆိပ်ပါဝင်နေခြင်းပင် ဖြစ်သည်။ အစပိုင်းမှာ သူတို့ သတိမပြုမိကြချေ။ မြူထုမှ သူတို့ လွတ်မြောက်လာချိန်မှာမှ သူတို့ ခန္ဓာကိုယ်မှ ဒဏ်ရာများက အဆိပ်မိပြီးနောက် ပိုမြန်လာပြီး ပုပ်ဆွေးလာကာ သူတို့အတွင်းအင်္ဂါများသို့ အဆိပ်ပျံ့နှံ့သွားတာကို တွေ့လိုက်ရမှ သတိပြုမိလိုက်ကြသည်။ မိုးကောင်းကင်အဆုံး ချောက်နက်က မည်မျှလောက် ကြောက်စရာကောင်းသလဲဆိုတာကို သူတို့ သိလိုက်ကြသည်။
ထူထဲသော မြူကြားတွင် ကိုယ့်မျက်နှာရှေ့မှ လက်ကိုပင် မမြင်ရချေ။ မြူထုထဲမှာ အဆိပ်က ရောနှောနေပြီး မြေပြင်က အဆုံးမဲ့ ရွံ့ဗွက်များဖြင့် ပြည့်နှက်နေသည်။ ကြမ်းကြုတ်ရက်စက်သော လိပ်ပြာသားရဲများလည်း ရှိကြသည်။ ၎င်းအန္တရာယ်တိုင်းက သင်တို့၏ အသက်ကို နှုတ်ယူသွားနိုင်သည်။
ချောက်နက်၏ မြေပြင်ကို တိတိကျကျသိသော သူတို့ ဖောက်သည်က ပိုက်ဆံ အမြောက်အများ ပေးပြီး မေပြင်အနေအထားကို ဘာ့ကြောင့် ဆန်းစစ်ခိုင်းသလဲ ဆိုတာကို မုကွိုင်ဖန်က နောက်ဆုံး နားလည်သွားသည်။ ထိုလူက ချောက်နက်၏ မြေပြင်မှာ အန္တရာယ်များ ပေါများထူထပ်ကြောင်းကို သိပြီးသား ဖြစ်ရမည်။ သူတို့ကတော့ သူတို့ ကိုယ်ပိုင် အသက်ဖြင့် ပြန်လည် ပေးဆပ်ရသည်။
သို့သော် နောင်တရဖို့ သူတို့ အလွန် နောက်ကျသွားလေပြီ။ မုကွိုင်ဖန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ သူတို့ လူ၁၁ယောက်တွင် ဆယ်ယောက်က သေဆုံးသွားခဲ့လေပြီ။ သူတို့ မဖြတ်နိုင်သော အနက်ရောင် ကျောက်တုံး အပိုင်းအစ တစ်ခုမှ လွဲ၍ သူတို့မှာ ဘာမျှ မရှိတော့ပေ။