၈၆၉။ သမားတု သမားယောင် (၂)
ထိုသို့ ပြောပြီးတာတောင် ရှုံးဘ၏ အမျက်ဒေါသက မငြိမ်းပျောက်ရုံသာမက ပိုလို့ပင် မြင့်တက်လာသည်။ သူက ဂျန်ဝုရှီကို မျက်လုံးတည့်တည့် ကြည့်လိုက်သည်။ သူက ထိုအခိုက်မှာ ဂျန်ဝုရှီကို တစ်ကိုယ်လုံး မျိုချပစ်မလိုပင် ဖြစ်နေသည်။
ဒီတစ်ချိန်လုံး တည်တည်ငြိမ်ငြိမ် နေခဲ့သော လူငယ်သည်ပင် မျက်မှောင်ကြုတ်သွားသည်။ ဖန်ယွီယန်က ခေါင်းယမ်း၍ သက်ပြင်း ချလိုက်သည်။
လေ့ချန်နှင့် ဂျန်ဝုရှီက ရုတ်တရက် လူတိုင်း၏ တိုက်ခိုက်ရန် ပစ်မှတ် ဖြစ်လာသည်။
လေ့ချန်က အတော်လေး ကြောက်ရွံ့တာကို ခံစားလာရပြီး လက်သီးဆုပ်ထားမိသည်။ လက်ရှိ ဒီမှာ ဖြစ်နေသည့် အနေအထားက မည်သို့ ဖြစ်မည်မှန်း ပြောရခက်နေသည်။ သူက စိုးရိမ်ပူပန်သွားပြီး မသိမသာ ဂျန်ဝုရှီကို လှည့်ကြည့်လိုက်သည်။ ဂျန်ဝုရှီက အစောပိုင်း ရုတ်တရက် စကားဝင်ပြောလိုက်ခြင်းက ရှုံးဘနှင့် တခြားလူများအား ဒီကိစ္စကို ပိုမို၍ ဖိနှိပ်စေရန် ဦးဆောင်ပေးလိုက်သလို ဖြစ်သွားသည်ဟု သူ ခံစားမိသည်။
မမလေး ဂျန်က တကယ်ပင် မည်သို့ စဉ်းစားနေမှန်း သူ နားမလည်နိုင်ပေ။
ရှုံးဘက အမျက်သည်းနေသည်။ နန်းတွင်းသမားတော်ကြီး လီက လောင်စာထပ်ထည့်ပေးသည်။ သို့သော် ဂျန်ဝုရှီက အရင်လိုပင် အေးစက်စက်ဖြင့် အဖက်မတန်သလို ဟန်ပန်ကိုသာ ပြသထားသည်။ သူမ၏ အေးစက်စက်မျက်လုံးတစ်စုံဖြင့် ရှုံးဘနှင့် တခြားလူများ၏ မျက်နှာများကို သိမ်းကျုံးကြည့်လိုက်သည်။ သူမက ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်.....
ခန်းမသခင် ရှုံးက သမားတု သမားယောင်အုပ်စုရဲ့ စကားကို ယုံကြည်ဖို့ ရွေးချယ်လိုက်ပုံပဲ။
သမားတော်ကြီး လီ၏ မျက်နှာက ဖြူဆုတ်သွားသည်။ ဒီလောက် အကျပ်အတည်းရိုက်နေတာတောင် ဂျန်ဝုရှီက ဒီလို ထေ့လုံးငေါ့လုံး စကားကို ပြောရဲမည်ဟု သူ မထင်ထားမိပေ။
ရှုံးဘက ပြန်ပြောသည် မင်း ငါတို့ရဲ့ သခင်မလေးကို ဆေးကုသပေးခဲ့လား မကုသပေးခဲ့ဘူးလားလို့ ငါ မေးရုံပဲ မေးချင်တယ်။
