၈၇၀။ သမားတု သမားယောင် (၃)
သမားတော်ကြီး လီက ချက်ချင်းပင် အပြုံးဖြင့် ပြောသည် ဆရာကြီး ဖန်တောင် တစ်ထေရာတည်း ပြောတယ်၊ ဒီကိစ္စမှာ တခြား ဘာသံသယဝင်စရာ ရှိသေးလို့လဲ၊ ကျနော်တို့အားလုံး အားသွန်ခွန်စိုက်သာ ဆေးကု မပေးထားခဲ့ရင်, မမလေးဂျန်ရဲ့ နှလုံးပေါင်းစည်း ဆေးလုံးလေး တစ်လုံးနဲ့ မမလေးချူရဲ့ ဒဏ်ရာကို ကုသပေးနိုင်တယ်လို့ တကယ်ကြီး လာမပြောပါနဲ့လား၊ ဒါက ခင်ဗျားတို့အတွက် လုံးဝ ဟာသ ဖြစ်မနေဘူးလား။
ရှုံးဘက ဂျန်ဝုရှီကို မျက်မှောင်ကြီး ကြုတ်လျက် ကြည့်လိုက်သည်။ သူက သမားတော်ကြီး လီ၏ စကားများကို သုံးသပ်နေပုံရသည်။
ထို့နောက် ဂျန်ဝုရှီက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည် ရှင်တို့အားလုံးရဲ့ အားသွန်ခွန်စိုက် ကြိုးစားမှုကြောင့်လို့ သမားတော်ကြီး လီ ပြောတယ်ဆိုတော့, ကျမ မေးချင်ပါတယ်.... အဲကတည်းက သူမအခြေအနေကို တစ်စုံတရာ တိုးတက်အောင် ရှင်တို့အားလုံး လုပ်နိုင်ပြီးသွားပြီလား။
အေးစက်စက် လေသံက သူတို့၏ နှလုံးသားများသို့ စီးဝင်သွားလေ၏။ အဖြစ်မှန်ကို ပြောပြသော ဂျန်ဝုရှီ၏ ထိုလေသံ၏ ခါးသက်သက် အေးစက်ခြင်းက ထောင်ချီသားရဲမြို့တော်မှ လူသုံးယောက်ကို အတင်းအကျပ် လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။
နေ့တစ်ဝက်လောက် ချူလင်းယွဲ့ ပြန်ကောင်းလာခြင်းက သမားတော်ကြီးလီနှင့် သူ့အုပ်စု၏ ကြိုးစားကုသမှု ရလဒ်ကို ဂျန်ဝုရှီက တိုက်တိုက်ဆိုင်ဆိုင် ခိုးယူသွားခြင်းသာ တကယ်ဆိုလျှင်, ထိုအကြောင်းပြချက်အရ, ၎င်းအောင်မြင်မှုကို သမားတော်ကြီးလီနှင့် အုပ်စုက ဆက်လက် ထိန်းသိမ်းနိုင်ရမည် မဟုတ်လော။ သို့သော် သူတို့၏ ပြည့်ပြည့်ဝဝ ဂရုစိုက်စောင့်ရှောက်နေသည့်ကြားမှ ထိုနေ့ကတည်းက, ချူလင်းယွဲ့၏ အခြေအနေက မည်သည့် ပြောင်းလဲမှု အရိပ်အယောင်ကိုမျှ မပြသဘဲ တောက်လျှောက် မေ့မြောနေခဲ့သည်။ ဒါက အတော်လေး ယုတ္တိမကျ ဖြစ်နေသည်။
သမားတော်ကြီးလီက ဂျန်ဝုရှီ၏ စကားကြောင့် အကျပ်ရိုက်သွားသည်။ သူက မျက်နှာ ဖြူရော်လျက်သာ ရပ်နေမိတော့သည်။ သူက ဂျန်ဝုရှီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
