၂၇၉။ “ပဉ္စမရိုက်ချက် - ၁”
ခဲချန်ဂျုက ရပ်လိုက်ပြီး သူ့ခါးကို ကိုင်း၍ မျက်လုံးများကို ကျဉ်းမြောင်းကာ လူငယ်နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မဲနက်နေသည့် နှုတ်ခမ်းများက ကြမ်းကြုတ်ရက်စက်ဟန် ကွေးတက်သွားကြသည်။ သူက လက်ကို ယမ်း၍ သံကြိုးအရှည်နှစ်ချောင်းကို သူ့အင်္ကျီလက်ပွထဲမှ ထုတ်ယူသည်။ သူက ကျောက်ချူနှင့် ဂျန်ဝုရှီ၏ ဗိုက်ကို ပတ်ချည်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်ကို တရွတ်တိုက် ဆွဲ၍ မြေအောက်ခန်းသို့ ဦးတည်သွားသည်။
သူ ထွက်သွားပြီးနောက်, ပေါ့ပါးသွက်လက်သည့် အနက်ရောင်အရိပ်က ဆေးကရားများနောက်တွင် ပုန်းကွယ်နေရာမှ ထွက်လာပြီး လိုက်ပါသွားသည်။ သူ၏ သေးငယ်သည့် ခန္ဓာကိုယ်က အမှောင်ထဲတွင် အလွယ်တကူ ပေါင်းစပ်သွားပြီး မြေအောက်ခန်းသို့ ဦးတည်လိုက်ပါသွားသည်။
နက်ရှိုင်းသည့် မြေအောက်ခန်းတွင်, ပျို့အန်ချင်စရာ သွေးနံ့က ပျံ့နှံနေသည်။ ဆေးဖက်ဝင်အနံ့များနှင့် ရောနှောပေါင်းစပ်နေသည်။ အနံခံဖို့ ခဲယဉ်းလှသည်။
ခေါင်းလောင်းလေးများ၏ တချွင်ချွင်မြည်သံက ခဲချန်ဂျု ရှပ်တိုက် လျှောက်လိုက်တိုင်း ထွက်ပေါ်နေသည်။ မြေအောက်ခန်းတွင် အလုပ်များနေသည့် တိမ်ဖုံးတောင်ထွတ် တပည့်နှစ်ယောက်က ခဲချန်ဂျုကို မြင်လျှင် ချက်ချင်း လုပ်လက်စ အလုပ်များကို ရပ်လိုက်ကြသည်။
“ဆရာ” တပည့်နှစ်ယောက်က တလေးတစား ဦးညွတ်အရိုအသေ ပေးလိုက်ကြသည်။
ခဲချန်ဂျုက ဂျန်ဝုရှီနှင့် ကျောက်ချူကို ရစ်ပတ်ထားသည့် သံကြိုးကို ပစ်ပေးလိုက်ပြီး တပည့်နှစ်ယောက်ကို ပြောသည် “သူတို့ကို အပေါ် ယူသွားလိုက်။”
“ဟုတ်ကဲ့ ဆရာ။”
တပည့်နှစ်ယောက်က ဂျန်ဝုရှီတို့ကို ကောက်မ၍ သစ်သား စင်ပေါ်သို့ မယူသွားကြသည်။