၆၁၅။ နောက်ဆုံးတော့ ငါ့ကို သတိရပြီပေါ့-၃
( သူ ဘာပြောလိုက်ပါလိမ့်၊ အလိုအလျောက် ဘာ့ကြောင့် ပြောမိလိုက်ပါလိမ့်။)
ယဲ့ရှက သူ၏ ထူးဆန်းသော အပြုအမူကြောင့် တုန်လှုပ်သွားသည်။ သူ့ပါးစပ်ကို လက်ဖြင့် အုပ်၍ အပြန်အလှန် စဉ်းစားရန် သစ်ပင်နောက်သို့ ဝင်လိုက်သည်။
အဟမ်း...သခင်လေး ဝုယောင်း။ သူတို့နှစ်ယောက် အတော်ကြာအောင် စကားပြောနေတာကို ကြည့်ပြီးနောက် လောင်ချီက ရှေ့သို့ တက်လာသည်။
သခင်လေး ဝုယောင်းက ဂျန်မိသားစုဝင် ဖြစ်သည်။ သို့ပါလျက် ဘာ့ကြောင့် သူ အလွယ်တကူ မေ့သွားရသနည်း။ ဒါက အတော်လေး ထူးဆန်းသည်။ လောင်ချီက ဂျန်ဝုယောင်းကို မျက်မှောက် မမြင်ရလျှင်, ရှိမှန်းပင် မမှတ်မိတော့ပေ။ သို့သော် ဂျန်ဝုယောင်း သူ့ရှေ့မှာ ရပ်နေလျှင်, အရာရာတိုင်းက ဖြစ်သင့်သလို ခံစားမိပြန်သည်။
နောက်ကြောင်း ပြန်စဉ်းစားကြည့်လျှင်, မြို့စားကြီးလင်းနှင့် အရှင့်သားက သခင်လေး ဝုယောင်းအကြောင်းကို တစ်ခုမျှ မပြောပြကြပေ။
ဂျန်ဝုယောင်းက အတော်လေး စိတ်ကောင်းဝင်နေသည်။ လောင်ချီ ရုတ်တရက် ကြားဖြတ်ပြောလာတာတောင် သူ မနှစ်သက်ဟန်ကို မပြသပေ။ သူ၏ မြင့်မားသော ခန္ဓာကိုယ်က ဂျန်ဝုရှီကို လက်တစ်ဖက်ဖြင့် အလွယ်တကူ ချီပိုးထားသည်။
ဟမ် ဂျန်ဝုယောင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
သခင်လေး ဝုယောင်း ကျနော်တို့နဲ့ အတူ လင်းအိမ်တော်ကို ပြန်လိုက်မှာပါလား လောင်ချီက တည်တည်ငြိမ်ငြိမ် မေးမြန်းသည်။
မလိုက်ဘူး ဂျန်ဝုယောင်းက သရော်ပြုံး ပြုံးသည်။ သူ့ အသည်းလေးက လင်းအိမ်တော်မှာ မရှိမှတော့, ဘာ့ကြောင့် သူ လင်းအိမ်တော်ကို ပြန်ရမည်နည်း။
လောင်ချီက လေးစားစွာ တစ်ဖက်သို့ ဆုတ်သွားသည်။ နောက်ထပ် စကား မပြောတော့ပေ။ သူ တိုက်ပွဲဝင် လူကြမ်းကြီး ဖြစ်သည်။ သို့သော် ဘာ့ကြောင့်မှန်း မသိ, ဂျန်ဝုယောင်း၏ ရှေ့တွင် သူ့နှလုံးသားက အမြဲတမ်း အကြောက်တရားဖြင့် ပြည့်နှက်နေပြီး ဂျန်ဝုယောင်းအား တလေးတစား ရှိနေသည်။ ဂျန်မိသားစုဝင် တခြားလူများအား လေးစားမှုနှင့် လုံးဝမတူသော လေးစားမှုတစ်ရပ် ဖြစ်သည်။
