၂၀၃။ စိတ်ငြိမ်ကျောက်စိမ်း - ၅
မှောင်မိုက်သည့် ညအမိုးခုံးအောက်တွင် နန်းတော်အစောင့်များက နန်းတွင်း နန်းပြင်ကို ကင်းလှည့် စောင့်ကြပ်နေကြသည်။ သူတို့ ခေါင်းပေါ်မှ ပျံသန်းသွားသည့် အရိပ်ကို မည်သူမျှ သတိမပြုမိကြချေ။
ဂျန်ဝုရှီက ဂျန်ဝုယောင်း၏ လက်မောင်းကို ကိုင်ထားပြီး သူမ၏ ပထမဆုံး ပျံသန်းခြင်း အတွေ့အကြုံကို ခံစားနေသည်။
“အဲနေရာ” ဂျန်ဝုရှီက မိုချင်းယွမ် အိပ်ဆောင်ကို တွန့်ဆုတ်ခြင်း မရှိ, လက်ညှိုးညွှန်ပြသည်။
ဂျန်ဝုယောင်း၏ မျက်နှာက မဲမှောင်သွားပြီး ဂျန်ဝုရှီ ညွှန်ပြသည့် နေရာသို့ ဆင်းသက်လိုက်သည်။
နန်းဆောင်အပြင်ဘက်တွင် အစောင့်များက ရုတ်တရက် ကောင်းကင်မှ ဆင်းသက်လာသည့် အရိပ်ကို တွေ့မြင်လိုက်၍ တုန်လှုပ်ချောက်ချားကာ လက်နက်များပင် လွတ်ကျမတတ် ဖြစ်သွားကြသည်။ သူတို့က ကျူးကျော်လာသူကို ကြည့်လိုက်ကြလျှင် သူတို့ အော်ဟစ်မတားဆီးခင်, ထိုအရိပ် သယ်ဆောင်လာသည့် လူပုံရိပ်ကို တွေ့မြင်လိုက်ရ၍ လင်းအိမ်တော်၏ သခင်မလေး ဂျန်ဝုရှီမှန်း မှတ်မိသွားကြသည်။
နေပြည်တော်တခွင်တွင် သိနေကြသည်က ဂျန်ဝုရှီနှင့် မိုချင်းယွမ်က ‘အရူးအမူးချစ်နေသူများ’ဟူ၍ ဖြစ်သည်။ ထို့ပြင် အားလုံး မျှော်လင့် စောင့်စားနေကြသည်က... ဂျန်ဝုရှီကို အရှေ့ဘက်နန်းဆောင်တွင် နေထိုင်ရန် ဘုရင်ကြီးက ဖိတ်ခေါ်ဖို့ အမိန့်လွှာတစ်ခု ထုတ်ပြန်ရန် ဖြစ်သည်။ အရှေ့ဘက်နန်းဆောင်ကို မိဖုရားကြီးအတွက် သီးသန့်ထားခြင်း ဖြစ်သည်။
ညနက်သန်းခေါင်တွင် အနာဂတ်မိဖုရားလောင်းက ဘုရင်ကြီး၏ စက်တော်ခန်းဆောင်သို့ အလည်အပတ်လာတာကို သူတို့က သိလိုက်ကြ၍ သူတို့ ပါးစပ်များကို ချက်ချင်း ပိတ်ထားကြတော့သည်။ သူတို့၏ အနာဂတ်မိဖုရားကို သယ်ဆောင်လာသည့် လူကို သူတို့က စူးစမ်းကြည့်ကြ၏။