၃၉၃။ ရွံ့စရာ အခန်းဖော် - ၁
လေညင်းကျောင်းတော်က အိပ်ဆောင်တွင် နှစ်ယောက်တစ်ခန်း စီမံပေးထားသည်။ ဖန်ဂျင်က ဂျန်ဝုရှီအတွက် ကျောင်းဝတ်စုံကို ထုတ်ပေးပြီးနောက်, သူမအတွက် နေရမည့် အခန်းကို လိုက်ပို့ပေးသည်။
အခန်းထဲတွင် မျက်နှာဖြူရော်ရော်ဖြင့် လူငယ်တစ်ယောက် ရှိသည်။ သူ့မျက်နှာက အုံ့မှိုင်းနေပြီး ပြူတင်းပေါက်ဘေးတွင် ခေါင်းငုံ့၍ စာဖတ်နေသည်။ သူက ခြေသံများကို ကြားရ၍ ခေါင်းမော့ကြည့်လျှင် သူ့မျက်နှာက မသာမယာ ဖြစ်သွားသည်။ သူက ဂျန်ဝုရှီကို ကြည့်၍ မျက်မှောင်ကြီး ကုတ်သွားသည်။ ထို့နောက် သူက ဂျန်ဝုရှီနောက်မှ ဖန်ဂျင်ကို တွေ့ရလျှင် အကြည့်တစ်ချက် ရပ်၍ သူ့မျက်လုံးများက ဖျတ်ခနဲ ခဏလောက် ဖြစ်သွားသည်။ သူက သူ့အကြည့်ကို ပြန်ရုပ်သိမ်း၍ သူ့စာအုပ်ကိုသာ ပြန်ဖတ်နေလေ၏။ စကားတစ်ခွန်းမျှ မပြောပေ။
မင်း ခုကစပြီး ဒီမှာ နေရမယ်၊ ငါက အထပ် ၇မှာ၊ ညာဘက်အစွန်ဆုံး အခန်းက ငါ့အခန်း၊ မင်း ငါ့ဆီကနေ တစ်ခုခု လိုရင်, အဲမှာ ငါ့ကို လာရှာနော်။ ဖန်ဂျင်က ဂျန်ဝုရှီကို အပြုံးဖြင့် ပြော၍ သူမပခုံးကို အသာအယာ ပုတ်၍ စိတ်သက်သာအောင် လုပ်ပေးသည်။
ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။ ဖန်ဂျင်က နှုတ်ဆက်၍ ပြန်သွားသည်။
ဂျန်ဝုရှီက အခန်းအပြင်အဆင်ကို စူးစမ်းလေ့လာသည်။ သူမက စကားပြောဖို့ စိတ်မပါချေ။
အိပ်ဆောင်ကို အမျိုးသား အမျိုးသမီးအနေဖြင့် ခွဲထားသည်။ လေညင်းကျောင်းတော်မှာ အမျိုးသမီးက နည်းပါးသည်။ ဆယ်ချိုး တစ်ချိုးသာ ရှိသည်။
ဂျန်ဝုရှီ၏ အိပ်ရာက ညာဘက်တွင် ရှိသည်။ မျက်နှာအုံ့မှိုင်းနေသည့် လူငယ်နှင့် ဟိုဘက် ဒီဘက် ဖြစ်သည်။ သူမက တခြားလူကို စိတ်မဝင်စားပေ။ သူမက သူမပစ္စည်းများကို သပ်သပ်ရပ်ရပ် ထားလိုက်သည်။
အဝတ်အစားများအပြင် ဖန်ဂျင်က နေ့စဉ် လိုအပ်သော ပစ္စည်းများကို အထုပ်ထဲတွင် ထည့်ပေးလိုက်သည်။
ဂျန်ဝုရှီ အခန်းထဲသို့ ဝင်ရောက်ချိန်မှ သူမပစ္စည်းများကို စနစ်တကျ ထားသိုနေသည်အထိ အခန်းဖော်က စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ အခန်းက လုံးဝ တိတ်ဆိတ်နေပြီး တစ်ခါတရံ စာရွက်လှန်သံကိုသာ ကြားရသည်။
