၇၄၀။ ရှစ်ခုမြောက် ရိုက်ချက် (၂၁)
ဂျန်ဝုရှီ၏ မျက်လုံးများက မုန်းတီးသည့် အရိပ်အငွေ့များ ယှက်သန်းသွားသည်။ သတ်ပစ်လိုက်။
ဂျန်ဝုယောင်းက ရယ်လိုက်သည်။ သူက တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်သည်။ အံ့အားသင့် မှင်တက်စွာ ရပ်ကြည့်နေသော ထိုလူနှစ်ယောက်ကို သူ ကြည့်လိုက်သည်။
ဒါဆို မင်းတို့ သေလို့ ရပြီ ညှို့ငင်ဖမ်းစားနိုင်သော အပြုံးက သူ့နှုတ်ခမ်းများသို့ ပြန်လည် ဝင်ရောက်လာသည်။ သို့သော် ထိုနှုတ်ခမ်းများမှ ထွက်လာသော စကားလုံးများက သေမင်းခေါင်းလောင်း ထိုးသံနှင့် တူနေသည်။ ဂျန်ဝုယောင်းက သူ့လက်ကို မြှောက်၍ ထိုလူနှစ်ယောက်ထံ အနက်ရောင် အရိပ်နှစ်ခိုကို ပစ်လိုက်သည်။
တစ်ယောက်က တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူ့လူတစ်ယောက်လိုပင် ခေါင်းပြတ်ထွက်သွားလေ၏။ ခေါင်းဆောင်က သူ၏ ရှိသမျှ ဝိညာဉ်စွမ်းအားများကို ဆင့်ခေါ်လိုက်သဖြင့် ထိုပစ်ချက်ကို ကာကွယ်ရုံသာ ကာကွယ်လိုက်နိုင်သည်။ ချက်ချင်း အသတ်မခံလိုက်ရပေ။ သို့သော် သူက ခေါင်းပြတ်မသွားအောင် ရှောင်ထွက်သွားနိုင်သော်လည်း အနက်ရောင် အရိပ်က သူ့ရင်ဘတ်ကို ဟောင်းလောင်းပေါက်အောင် ထိုးဖောက်သွားလေ၏။ ရင်ဘတ်ဒဏ်ရာမှ သွေးများက ဒလဟော စီးကျလာသည်။
သူက ရင်ဘတ်ဒဏ်ရာကို လက်ဖြင့် ကပျာကယာ ဖိထားလိုက်သည်။ သူတို့သုံးယောက်အား ခဏလေးဖြင့် သတ်ဖြတ်သွားသော မယုံကြည်နိုင်ဖွယ် စွမ်းအားကောင်းသော ထိုလူကို သူက တုန်လှုပ်ခြင်းဖြင့်သာ စိုက်ကြည့်နေမိသည်။ သူတို့အားလုံးက အဆင့်မြင့် ကျွမ်းကျင်သူ တိုက်ခိုက်ရေးသမားများ ဖြစ်ကြပါလျက် လက်တစ်ဖက်တည်းဖြင့် ထိုလူသတ်တာကို ခံလိုက်ကြရသည်။
သူ့စွမ်းအားက ထိပ်တန်းလက်ရွေးစင်များထဲ မပါဝင်သော်လည်း မည်သို့ပင် ဆိုစေ သူကား အားနည်းသူ တစ်ယောက်တော့ မဟုတ်ပေ။ သို့သော် ထိုလူ့ရှေ့တွင် သူက ပုရွက်ဆိတ်သာသာ ဖြစ်သွားရသည်။ ထိုလူကို သူ ခုခံဖို့ပင် မဝံ့မရဲ ဖြစ်သွားရသည်။ သူ ရုန်းကန်နိုင်စွမ်းပင် မရှိခဲ့ပေ။