၅၅၆။ မိုးကောင်းကင်အဆုံး ချောက်နက်-၃
ငါတို့ အဲလို လုပ်နိုင်တယ်.... ဒါပေမဲ့ မိုးကောင်းကင်အဆုံး ချောက်နက် ဘယ်နေရာမှာလဲ ငါတို့ မသိကြဘူး.... ကျောက်ချူက ခေါင်းကုတ်၍ ပြောသည်။
ဟွာယောင်းက ရုတ်တရက် ရယ်၍ ဂျန်ဝုရှီကို လှည့်ကြည့်သည်။ သူ့မျက်လုံးများက နားလည်ဟန်ကို ပြသနေသည်။
ဒီတော့ မင်းက မုကွိုင်ဖန်ကို ဒီအကြောင်းပြချက်နဲ့ ကယ်ချင်ခဲ့တာပေါ့။
ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။
ကျောက်ချူက ခေါင်းရှုပ်နေဆဲပင်။ ကံကောင်းသဖြင့် ဟွာယောင်းက လိုလိုလားလား သူ့အား ရှင်းပြသည် ရှီလေး မုကွိုင်ဖန်ကို ကယ်ချင်တဲ့ တကယ့် အကြောင်းက, မိုးကောင်းကင်အဆုံး ချောက်နက်တည်နေရာကို မုကွိုင်ဖန် သိနေလို့ပဲ၊ သိရုံတင် မကဘဲ အောက်ကိုတောင် ဆင်းဖူးတယ်၊ ချောက်နက်အကြောင်းကို တခြားလူတွေထက် သူက ပို သိတယ်၊ သူ့ကို ငါတို့နဲ့ အတူ ခေါ်သွားနိုင်ရင်, မိုးကောင်းကင်အဆုံး ချောက်နက်ကို သွားဖို့ ကိစ္စက ခက်ခဲတဲ့ အရာ မဟုတ်တော့ဘူး၊ ရှီလေး ပြောထားသလို, ငါတို့ ကိုယ်တိုင် အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူတည်နေရာကို ထောက်လှမ်းဖို့ အလျင်လိုစရာ မလိုဘူး၊ ဖြစ်နိုင်ချေ ရှိ မရှိဆိုတာကိုပဲ သိရအောင် အောက်ဆင်းကြည့်ကြရမှာ။
ကျောက်ချူ ရုတ်တရက် အလင်းပေါက်သွားသည်။ သူက ဂျန်ဝုရှီသို့ အကြွင်းမဲ့ လေးစားခြင်းဖြင့် လှည့်ကြည့်သည်။
ရှီလေး, မင်း အရမ်း ဉာဏ်ကောင်းလွန်း မနေဘူးလား၊ မင်း တကယ့်ကို အဝေးကြီး လှမ်းကြည့်နိုင်တာပဲ။ ဂျန်ဝုရှီက မုကွိုင်ဖန်၏ သနားစရာ အနေအထားကြောင့် စေတနာအလျောက် ကုသပေးခြင်းဟူ၍သာ သူ တွေးခဲ့သည်။ ရှေ့သို့ ကြိုတင်တွေးကာ စီမံကိန်း ချထားလိမ့်မည်ဟူ၍တော့ မထင်မှတ်ထားပေ။
ဂျန်ဝုရှီ မျက်ခုံးတစ်ဖက် ပင့်မိသည်။ သို့သော် မည်သို့မျှ ပြန်မပြောပေ။
တကယ်တော့.... မင်းတို့ကောင်တွေကို ပြောစရာ တစ်ခု ကျန်သေးတယ် ဟွာယောင်း၏ အမူအရာက ရုတ်တရက် တွန့်ဆုတ်ဟန် ဖြစ်သွားသည်။
