၆၃၉။ ဝိညာဉ်စွမ်းအားမြှင့် (၁)
သူ့အကြည့်သည်ပင် ဝိညာဉ်မီးလျှံမှ နည်းနည်းလေးမျှ မရွေ့လျားသွားချေ။
ဟွာယောင်းက ကြိုတင်ပြင်ဆင်ထားသော အပြာရောင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကို ချက်ချင်း ထုတ်ပေးလိုက်သည်။ ဖန်ဇိုက ကိုင်ထားသော ဓားလေးကို ချထား၍ သူ့အိတ်ထဲမှ ညှပ်သေးသေးလေးကို ထုတ်ယူပြီး ဝိညာဉ်ကျောက်တုံးကို သေသေချာချာ ညှပ်ယူလိုက်သည်။ ထို့နောက် ဝိညာဉ်လက်စွပ်၏ ထိပ်ပိုင်းတွင် တဖြည်းဖြည်းချင်း နေရာချထားပေးသည်။ ဝိညာဉ်ကျောက်တုံးက တဖြည်းဖြည်း ပေါင်းစည်းသွားသည်။
အချိန်ကာလက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လက်ထဲ ဆုပ်ကိုင်ထားသော သဲလိုပင်။ မျက်စိတစ်မှိတ်အတွင်းမှာ နာရီပေါင်းများစွာ ကုန်လွန်သွားသည်။ အချိန်ကုန်တာကိုပင် သတိမပြုမိလိုက်ကြချေ။ ဖန်ဇို့မျက်နှာတွင် ရှင်းလင်းသော ချွေးအလွှာများ ကပ်ငြိနေလေ၏။
ပြီးပြီ ဖန်ဇို ပြုံးလာသည်။ သူက ညှပ်လေးဖြင့် လက်စွပ်ကို ဆွဲညှပ်ယူ၍ ကြေးခေါင်းလောင်းလေးကို ပြန်ပိတ်ကာ ဝိညာဉ်မီးလျှံကို ပြန်သိမ်းဆည်းလိုက်သည်။ စားပွဲပေါ်တွင် ဝိညာဉ်လက်စွပ်က တလက်လက် အရောင်ဖြာကျနေဆဲပင်။
အနက်ရောင်သတ္တုဖြင့် ပြန်လည် ဖန်တီးထားသော ဝိညာဉ်လက်စွပ်က မဲနက်နေသည်။ အနက်ရောင်သန့်သန့်ထဲတွင် အေးစက်စက် အလင်းရောင်က ဖြာထွက်နေသည်။ အပြာရောင်လဲ့လဲ့ ဝိညာဉ်ကျောက်တုံးက ငြိမ်သက်စွာ နေရာယူထားသည်။ အနက်ရောင်လက်စွပ်၏ ထိပ်ဖျားတွင် ဝိညာဉ်ကျောက်တုံးကို ထည့်သွင်းထားခြင်း ဖြစ်သည်။
ဟွာယောင်းက ဝိညာဉ်လက်စွပ်ကို ချက်ချင်း ကောက်ယူလိုက်သည်။ ဝိညာဉ်လက်စွပ်အပေါ်တွင် အပို ပုံစံကွက်များ ပါဝင်လာတာကို သူ ချက်ချင်း သတိပြုမိလိုက်သည်။ ၎င်းပုံစံကွက်များကို သူ အရင်က လုံးဝ မသိရှိချေ။ ၎င်းပုံစံကွက်များက လက်စွပ်တစ်ခုလုံးမှာ လွှမ်းခြုံနေခြင်း ဖြစ်သည်။ အနက်ရောင်သီးသန့်ထဲတွင် နစ်မြုပ်နေသဖြင့် တော်ရုံတန်ရုံ သတိပြုမိဖို့ မလွယ်ကူပေ။