၃၁၅။ “မုချန်၏ အလျော့မပေးသည့် စိတ်ဓာတ် - ၂”
တိမ်လှေခါးတောင်ထွတ်တွင် မုချန်က တောင်ထိပ်တွင် ရပ်နေသည်။ တပည့်များက သူ့ပတ်လည်မှာ ရှိသည်။ သူက တင်းမာပြတ်သားသည့် မျက်လုံးများဖြင့် တဖြည်းဖြည်းပေါ်လာသည့် ခဲချန်ဂျုကို စူးစမ်းကြည့်နေသည်။
“အကြီးအကဲမု , မတွေ့ရတာတောင် အတော်ကြာနေပြီပဲ။” ဟွာယောင်းက ခဲချန်ဂျုလို မသတီစရာအသံဖြင့် ပြောသည်။ သူ့အသံက သူတို့ရှေ့ရှိ တပည့်များကို အရိုးထိအောင် အေးစက်သွားစေသည်။
“တိမ်လှေခါးတောင်ထွတ်က အကြီးအကဲမုကို မကြိုဆိုဘူး၊ ဒီနေရာကနေ လှည့်ပြန်ဖို့ အကြီးအကဲ မုကို ငါတို့ တောင်းဆိုရလိမ့်မယ်။” မုချန်မျက်နှာက တင်းမာခက်ထန်နေသည်။ သူက သူတို့ကို လှည့်ပြန်သွားဖို့ မတွန့်မဆုတ်ဘဲ ပြောသည်။
ဂျန်ဝုရှီက မုချန်ကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။ သူက တကယ်ပင် တခြားအကြီးအကဲများနှင့် ကွဲပြားခြားနားသည်။
တခြားတောင်ထွတ်များတွင် အကြီးအကဲများက ခဲချန်ဂျု လာရောက်ရခြင်း ရည်ရွယ်ချက်ကို သိကြသည်။ သို့သော် သူတို့က ချင်ယွဲ့၏ ထောက်ခံပေးထားခြင်းကြောင့် သူတို့ တပည့်များကို စွန့်လွှတ်ခံခိုင်းခဲ့ကြသည်။ မည်သူမျှ မုချန်လို မတုံ့ပြန်ကြချေ။ မုချန်ကတော့ ချက်ချင်းပင် သူတို့ကို အတွင်းဝင်ဖို့ ငြင်းဆိုလိုက်ပြီး သူ့တပည့်များကို ယတိပြတ် တွန့်ဆုတ်မှု မရှိဘဲ ကာကွယ်ပေးသည်။
မုချန်ဘေးမှာ ရပ်နေသည့် တပည့်များကလည်း မည်သည့်ကြောက်လန့်မှုကိုမျှ ပြသမနေကြချေ။ သူတို့က ပြတ်ပြတ်သားသားဖြင့် အာခံနေသည့် ဟန် ဖြစ်နေသည်။ ထိုတပည့်များကြားတွင် ဂျန်ဝုရှီက ရောင်းဟန်ကို တွေ့လိုက်သည်။ သူက မုချန်နောက်ကျောတွင် ရပ်နေသည်။ သူက ဂျန်ဝုရှီကို တွေ့လိုက်လျှင် ခဏလောက် တုန်လှုပ်သွားသည်။ သို့သော် လျင်မြန်စွာ ပြန်လည် ပြင်ယူ၍ တခြားတပည့်များလို အာခံသည့် မျက်နှာထား ဖြစ်သွားသည်။