၉၁၉။ ကန့်လန့်ကာ မတင်ခြင်း(၃)
နေ့ခင်းဘက် နန်းတွင်းဥယျာဉ်က ညဘက်ပိုင်းနှင့် ကွဲပြားသည်။ ဆောင်းတွင်းဖြစ်နေသေးသော်လည်း ဖူးပွင့်နေသော ရောင်စုံပန်းများဖြင့် ပြည့်နှက်နေလေ၏။
ချူလင်းယွဲ့က သူမမျက်စိရှေ့ရှိ နန်းတွင်းဥယျာဉ်ကို စူးစိုက် ကြည့်လုက်သည်။ မည်သူမျှ သတိမပြုမိလိုက်ဘဲ သူမနှုတ်ခမ်းများက အေးစက်စက် အပြုံးဖြင့် တွန့်ကွေးတက်သွားသည်။
ထိုအပြုံးက လျင်မြန်စွာ မှေးမှိန်သွားသဖြင့် မည်သူမျှ မမြင်လိုက်ကြချေ။
လေ့ဖန်က ချူလင်းယွဲ့အား ပိုမိုစကားပြောရန် ဟန်ပြင်လိုက်စဉ်မှာ, အနက်ရောင်အရိပ်တစ်ခုက သူတို့နှစ်ယောက်ရှေ့သို့ ခုန်ဝင်လာလေ၏။
ထိုလူက တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသည့်အပြင်, မျက်နှာတစ်ဝက်ကိုလည်း အနက်ရောင်အဝတ်စဖြင့် ဖုံးကာထားသည်။
သူ ပေါ်လာခြင်းက ရုတ်တရက်ဆန်လွန်းသဖြင့် မိန်းမစိုးများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ရုတ်တရက် ပေါ်လာသော အနက်ရောင်ဝတ်စုံရှင်ကို လေ့ချန်က အံ့အားသင့်စွာ စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ နှလုံးတုန်သွားပြီး ချက်ချင်း အော်ငေါက်လေ၏ ရဲတင်းလိုက်တဲ့ မိစ္ဆာကောင်၊ နန်းတော်ကို ချိုးဖောက်ဝင်လာရဲတယ်ပေါ့၊ အစောင့်တွေ, လုပ်ကြံသူကို ဖမ်းဆီးကြစမ်း။
လေ့ဖန်၏ အော်ဟစ်သံကြောင့် အပြင်ဘက်ရှိ အစောင့်များက အထဲသို့ ပြေးလွှားဝင်ရောက်လာကြသည်။ ၎င်းအစောင့်များက လှံရှည်များဖြင့် အနက်ရောင်ဝတ်စုံရှင်ကို ဝိုင်းထားလိုက်ကြသည်။
သို့သော်ငြား အစောင့်များ ရှေ့သို့ တပြိုင်နက် ပြေးတက်လာချိန်မှာပင်, ထိုလူက ရုတ်တရက် လှုပ်ရှားလိုက်သည်။
ထိုလူ၏ လှုပ်ရှားချက်က လျှပ်စီးလို လျင်မြန်လွန်းသည်။ လူတိုင်းရှေ့မှာပင် အင်မတန် မာန်မူခက်ထက်နေသော လေ့ဖန်ရှေ့သို့ ပြေးဝင်သွားလေ၏။
အစောင့်များစွာက သူတို့ကို ကာကွယ်ထားသဖြင့် ချူလင်းယွဲ့ရှေ့မှာ အကာအကွယ်အနေဖြင့် သူ ပြသနိုင်ပြီဟု လေ့ဖန်က တွေးထားသည်။ သို့သော် မည်သူမျှ ပြင်ဆင်ချိန် မရလိုက်ခင်မှာပင် အနက်ရောင်ဝတ်လူက အလွန်မြန်စွာ လှုပ်ရှားလိမ့်မည်ဟု မည်သူ ထင်မိမည်နည်း။ အဖြစ်အပျက်ကို သတိပြုမိလိုက်ချိန်မှာပင်, လေ့ချန်က အနက်ရောင်ဝတ်စုံရှင်၏ ဓားစာခံ ဖြစ်သွားလေပြီ။ ထက်မြိသော ဓားက သူ့လည်ပင်းပေါ်သို့ ရောက်ရှိသွားလေ၏။
