၂၂၉။ “ညှဉ်းပန်းနှိပ်စက်ခြင်း - ၁”
ခါးသီးသော သွေးနံ့က နန်းတော်ညီလာခံ ခန်းမ၏ လေထုတွင် ပျံ့နှံ့နေသည်။ ချင်ယုယန်က ဘုရင့်အမှတ်သင်္ကေတဖြစ်သည့် ပလ္လင်ပေါ်တွင် ကိုယ်ကို မတ်၍ ထိုင်နေသည်။ သူမ၏ လှပ၍ ကြော့မော့သည့် မျက်နှာမှာ အပြုံးက အမြဲတမ်း ရှိနေသည်။ သို့သော် ၎င်းအပြုံးက သူမ မျက်လုံးသို့ မရောက်ပေ။
ပလ္လင်အောက်, ခန်းမတွင် ချင်းယန်ကလန် တပည့်များအုပ်စုက ဝိုင်းရံ၍ ထိုင်နေသည်။ ထုအုပ်စုကို ခေါင်းဆောင်သူက ဂျန်းချန်ချင်း ဖြစ်သည်။ သူတို့က ခန်းမအလယ် ကြမ်းပြင်ပေါ်တွင် ကွေးကောက်၍ လဲနေသည့် ပုံရိပ်ကို ကြည့်၍ လှောင်ပြုံး ပြုံးနေကြသည်။
ထိုလူ၏ ခံ့ညားထည်ဝါသည့် ဝတ်စုံက အခု မွစာလန်နေ၏။ သူ့ဆံပင်များက ရှုပ်ထွေးနေသည်။ အကြီး အသေး ဒဏ်ရာများက မရေတွက်နိုင်တော့ပေ။ အကြည့်ရဆိုးသည့် ဒဏ်ရာများမှ သွေးများက အေးစက်သည့် ကျောက်ပြားအခင်းသို့ စီးကျ၍ အိုင်ထွန်းနေသည်။ သူ၏ ပုံမှန် ဟန်မူရာ ကြော့ရှင်းခြင်းက ပျောက်ဆုံးသွားပြီး မချိမဆန့် အော်ဟစ်ညည်းတွား၍ ကြမ်းပြင်ပေါ်တွင် ခွေလိပ်နေသည်။
နန်းတွင်းသူများ မိန်းမစိုးများက ထောင့်တစ်ခုတွင် ပူးကပ်နေကြသည်။ သူတို့ရှေ့မှ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မကြည့်ရဲကြည့်ရဲ ကြည့်နေကြရသည်။ သူတို့က ဒီလိုမျိုး အိပ်မက်ပင် မမက်ဖူးခဲ့ကြချေ။ အခု သူတို့က ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တိုင် တွေ့မြင်နေကြရသည်။
“အရှင်မင်းကြီးက အခုထိ ဝိညာဉ်ကျောက်စိမ်း တည်နေရာကို ဖော်ထုတ်ပေးဖို့ ငြင်းဆန်နေတုန်းလား၊ ဘာလို့ ဒီလို နှိပ်စက်ခံနေရတာလဲ၊ ချင်းယန်ကလန်နဲ့ ချီတိုင်းပြည်ဆိုတာ အမြဲတမ်း မိတ်ဆွေတွေပဲဟာ၊ ဘာလို့ စိတ်ပျက်စရာကိစ္စကို ရွေးချယ်ရတာလဲ။” ချင်ယုယန်က ဘုရင့်ပလ္လင်ပေါ်တွင် တည်ငြိမ်အေးဆေးစွာ ထိုင်နေလျက် လှောင်ပြောင်ပြောဆို၍ သက်ပြင်းချနေသည်။ သူမက စိတ်မရှည်နိုင်ဟန် ပေါ်နေသည်။ သူမ မျက်လုံးများက အေးစက်သည့် ကြမ်းပြင်ပေါ်တွင် ဝပ်တုပ်နေသည့် ပုံရိပ်ပေါ်သို့ ရောက်ရှိလာသည်။