၂၅၀။ “ဘုရင်တစ်ပါး၏ လမ်း - ၁”
“ငါ့မမလေး ချင်းယန်ကလန်ကို ရောက်ပြီဆိုရင်, တိမ်ဖုံးတောင်ထွတ်ကို ဘယ်တော့မှ သွားဖို့ မလုပ်ပါနဲ့။” ဘိုင်ယန်ရှင်းအန်က သတိအပြည့်ပေးသည်။ တိမ်ဖုံးတောင်ထွတ်မှ တပည့်များသည် လျှို့ဝှက်စွာ ပျောက်ဆုံးသွားတတ်ကြသည်။ သို့မဟုတ် အကြောင်းပြချက် မည်မည်ရရ မရှိဘဲ သေဆုံးသွားတတ်ကြသည်။
သည်အကြောင်းအရာကို အပြင်လူများ မသိကြချေ။ သို့သော် ချင်းယန်ကလန် တပည့်တစ်ယောက်အနေဖြင့် လက်ခံနိုင်ဖို့ လူတိုင်းက အရည်အချင်းရှိကြသည် မဟုတ်ပေ။ သူတို့ကို ခိုးကြောင်ခိုးဝှက်ဖြင့် ခဲချန်ဂျုက လက်ခံပြီး တိမ်ဖုံးတောင်ထွတ်ကို ခေါ်ဆောင်သွားသည်။ ထိုအခေါ်ခံရသူများက သူတို့အား ဘုရားသခင်က အခွင့်အရေးပေးခြင်းဖြစ်သည်ဟူ၍ အမြဲတမ်း တွေးကြသည်။ သို့သော် အနည်းစုကသာ သူတို့က သေမင်းတံခါးထဲသို့ ပို့ခံရမည့် အစာများသာ ဖြစ်ကြောင်းကို သိကြသည်။
“ခဲချန်ဂျု အကြောင်းကို ပိုပြောပြ။” ချင်းယန်ကလန်က မြင်ရသလောက် ရိုးရှင်းဟန်မရသော နေရာဖြစ်သည်ဟု ဂျန်ဝုရှီက ဆုံးဖြတ်မိသည်။ သူတို့က ဘိုင်ယန်ရှင်းအန်လို တပည့်မျိုးကို ပြုစုပျိုးထောင်ပေးပြီး ချင်ယုယန်လို သမီးမျိုးကို မွေးဖွားပေးခဲ့သည်။ သည်လိုမျိုး လူတိုင်း လုပ်နိုင်သည် မဟုတ်ပေ။ ချင်းယန်ကလန်၏ အဓိပတိကိုယ်တိုင်ပင် စက်ဆုပ်ရွံ့ရှာဖွယ်လူ ဖြစ်နေနိုင်သည်။
“ခဲချန်ဂျုက မူရင်းက ချင်းယန်ကလန်တပည့်မဟုတ်ဘူး၊ သူ့ကို ချင်ယွဲ့က အဓိပတိဖြစ်ပြီးမှ ခေါ်ဆောင်လာခဲ့တာ၊ နှစ်အနည်းငယ်နဲ့ သူ့ကို အကြီးအကဲ ရာထူး တိုးပေးလိုက်တယ်။” ဘိုင်ယန်ရှင်းအန်က ရိုးရိုးသားသား ပြောပြသည်။
“ခဲချန်ဂျုရဲ့ မူလဇာစ်မြစ်ကို ငါ မသိဘူး၊ ဒါပေမဲ့ သူက ညှိုးမှိုန်းနေတတ်တယ်၊ သူ့ကို ချင်းယန်ကလန်အတွင်းမှာ မကြခဏ တွေ့ရလေ့ မရှိဘူး၊ သူ့တိမ်ဖုံးတောင်ထွတ်ကို တခြားတပည့်တွေ ဝင်ရောက်ခွင့် တားမြစ်ထားတယ်၊ ချင်ယွဲ့တောင် လာချင်ရင် ကြိုတင် အကြောင်းကြားထားရတယ်။”