၈၅၉။ အကြောင်းမဲ့ နှိပ်စက်ခြင်း (၂)
ဂျန်ဝုရှီက သော့တစ်စုံနှင့် သံကြိုးကို ကြည့်လိုက်သည်။ လက်ရှိ သူမ၏ လက်နှင့် ခြေထောက်များမှာ ချုပ်နှောင်ထားသော သော့နှင့် သံကြိုးများထက် စာလျှင် အခု ယူလာသော သော့နှင့် သံကြိုးက ပိုမို၍ ခိုင်ခံ့သည်။ သူမ၏ လှုပ်ရှားမှုကို ပို၍ တင်းတင်းကျပ်ကျပ် ချုပ်ထိန်းနိုင်သည်။ လက်ထိပ်နှင့် ခြေချင်းတို့ကို သတ္တုပြားဖြင့် ပိုမို တောင့်တင်းခိုင်မာအောင် လုပ်ထားပြီး လူတစ်ယောက်ကို လှုပ်ရှားလို့ မရအောင် လုံခြုံစိတ်ချရစေသည်။
ဂျန်ဝုရှီ၏ မျက်လုံးများ အေးစက်စက် လက်ခနဲ ဖြစ်သွားသည်။ သူမက ကျောက်ချူ ပုန်းအောင်းနေသော နေရာသို့ မျက်လုံးထောင့်စွန်းဖြင့် ပုန်းလျှိုးကွယ်လျှိုး ကြည့်လိုက်သည်။ သို့သော် သူမ ဘာမှ မပြောဘဲ သူမ၏ လက်များကို ဆန့်ထုတ်ပေးလိုက်သည်။ သူမ ပူးပေါင်းဆောင်ရွက်လိုကြောင်းကို ပြသခြင်းပင် ဖြစ်သည်။
ထောင်မှူးနှစ်ယောက်က သူတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့မျက်နှာများက ပြုံးဖြီးဖြီး ဖြစ်နေကြပြီး ဂျန်ဝုရှီအား ခတ်ထားသော သော့ခလောက်ဟောင်း သံကြိုးဟောင်းများကို ဖယ်ရှားရင်း ပြောလာသည် သခင်လေး ဂျန်, ဒီရက်ပိုင်းတွေမှာ သက်သောင့်သက်သာများ ရှိပါရဲ့လား၊ ဒီအကျဉ်းထောင်က အကြမ်းထည်ဖြစ်လို့ ကြီးကျယ်ခမ်းနားတာ မရှိပါဘူး၊ သခင်လေး ဂျန်အတွက် အနေရ ခက်မှာပေါ့၊ ဒါပေမဲ့ သခင်လေး ဂျန် စိတ်ချလက်ချသာ နေပါ၊ သခင်လေးဂျန်ကို ထိခိုက်နာကျင်အောင် ကျနော်တို့ ဘာမှ မလုပ်ပါဘူး၊ သခင်လေးဂျန်က အိမ်ရှေ့စံရဲ့ မိတ်ဆွေဖြစ်နေတာကိုး၊ ကျနော်တို့ သခင်လေးဂျန်ကို ပစ်မထားရဲပါဘူး။
ဟုတ်ပါတယ်ဗျာ... သခင်လေးဂျန် ရက်နည်းနည်းလောက်သာ သည်းခံပေးရမှာပါ၊ အချိန်တန်လို့ ကိစ္စတွေ ပြီးပြတ်သွားရင်, သခင်လေး ဂျန် ဒီကနေ ထွက်သွားနိုင်မှာပါ။
ထောင်မှူးနှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် စကား အဆက်မပြတ် ပြောပေးကြသည်။ ဂျန်ရှီကို စိတ်ချလက်ချနေရန် အလွန်ခက်ခက်ခဲခဲ ကြိုးစားနေဟန် ရသည်။ သူတို့က ဂျန်ရှီအား သော့အသစ်နှင့် သံကြိုးအသစ်ကို တိတ်တဆိတ် တပ်ဆင်နေသည်။ သူတို့ လှုပ်ရှားချက်တိုင်း ဂရုတစိုက်ဖြင့် စေ့စေ့စပ်စပ် လုပ်နေကြသည်။ အခါအားလျော်စွာ သူတို့က ဂျန်ရှီကို လျှို့ဝှက်သိုသိပ်စွာ အကဲခတ် ကြည့်ရှုနေကြသည်။ ဂျန်ရှီမှာ သံသယဖြစ်စရာ ဘာမျှ မတွေ့ရလျှင်, သူတို့ တိတ်တဆိတ် စိတ်လက်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။
