၂၈၁။ “ပဉ္စမရိုက်ချက် - ၃”
ဂျန်ဝုရှီက ထရပ်ပြီး သူမခြေထောက်နားတွင် လဲနေသည့် နှစ်ယောက်ကို ဘုကြည့် ကြည့်လိုက်သည်။ သူမ၏ အေးစက်စက် အကြည့်က ကျောက်ချူထံ ရွေ့သွားသည်။ ထို့နောက် သူမက သူ့ပါးစပ်ကို ဆွဲဖွင့်၍ ဆေးလုံးတစ်လုံးကို ပစ်ထည့်လိုက်သည်။
နောက်တစ်ခဏတွင်, တောင့်နေပြီး သစ်သားစင်ပေါ်တွင် လဲနေသည့် ကျောက်ချူက ခုန်ထလာပြီး အော်ဟစ်လိုက်သည်။
“ဖွီး, ရွံ့စရာကွာ” ကျောက်ချူက စုတ်ပြတ်နေသည့် သူ့အဝတ်အစားများကို ပြန်ဆွဲဝတ်၍ လက်နှစ်ဖက်စလုံးဖြင့် သူ့ရင်ဘတ်ကို အပြင်းအထန် သုတ်လေ၏။ သူ့ရင်ဘတ်အရည်ပြားက နီရဲကာ စုတ်ပြဲလို့ပင် လာသည်။
‘သောက်ခွေး... ငါက ယောက်ျားတစ်ယောက် ပွတ်သပ်တာကို ခံရတယ်လို့ကွာ။’
“ဒီကောင်က လိင်တူ သဘောကျနေတဲ့ ကောင်လား။’
သူ အပြည့်အဝ သတိရနေစဉ်မှာ လိင်တူကြိုက်သည့် ကောင်၏ ပွတ်သပ်ခြင်း ခံနေရပါလျှက် ကျောက်ချူက မလှုပ်ရှားနိုင်သည်မို့ စိတ်ဓာတ်ကျဆင်းသွားရသည်။ သူ့အား ဒေါသဆူပွက်အောင် လုပ်ထားသည့် ထိုကောင်ဆီသို့ သူက တန်းတန်းမတ်မတ် လျှောက်သွားပြီး အနက်ရောင်သားရဲကြီး၏ နောက်တွင် ရပ်လိုက်သည်။ သူ့မျက်လုံးများက ဒေါသပြင်းထန်နေသဖြင့် မီးတောက်မတတ် ဖြစ်နေသည်။
အနက်ရောင်သားရဲကြီးက တွန့်ဆုတ်နေပြီး ဒေါသပုန်ထနေသည့် ကျောက်ချူကို မျက်လုံး ပေကလတ်လတ်ဖြင့် ကြည့်ပြီး စိတ်ရှုပ်ထွေးသားကာ ဂျန်ဝုရှီအား လှည့်ကြည့်လိုက်သည်။
ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်ပြသည်။
ထို့နောက် အနက်ရောင်သားရဲကြီးက သူ့ညာဘက် လက်ဖဝါးကို မြှောက်ပေးလိုက်သည်။
အနက်ရောင်သားရဲကြီး သူ့လက်ဖဝါးကို မြှောက်ပေးလိုက်သည်နှင့် ထိုကောင်က အသက်ပြင်းပြင်း ရှုလိုက်ကာ အဆင်ပြေသွားသည်။ သို့သော် သူက နောက်တစ်ခဏမှာပင် ပေါက်ကွဲနေသည့် ကျောက်ချူ၏ လေပေါ် ဆွဲမြှောက်တာကို ခံလိုက်ရသည်။