၇၅၁။ ရန်တိုင်းပြည် (၂)
ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော်သို့ ကြိုတင် ရောက်ရှိနေကြသော တခြားကျောင်းတော်သားများ အတော်များများ ရှိနေကြသည်။ လိပ်ပြာတိုက်ပွဲ မစတင်သေးသဖြင့် သူတို့က အင်အားကြီးတိုင်းပြည်၏ ချမ်းသာကြွယ်ဝမှုကို မျက်မြင်ကိုယ်တွေ့ မြင်ချင်ကြသဖြင့် မြို့ထဲ လှည့်ပတ်ကြည့်ရှုနေကြသည်။
မြင်းဆွဲရထားလုံး ငါးစီးက မိန်းလမ်းမပေါ်တွင် တကျွိကျွိ မောင်းနှင်သွားသည်။ တခြားကျောင်းတော်သားအများစုက လေညင်းကျောင်းတော်၏ အလံတံဆိပ်ကို ချက်ချင်း မှတ်မိသွားကြသည်။ သူတို့က ချက်ချင်း ရပ်တန့်၍ ထိပ်တန်းကျောင်းသုံးကျောင်းထဲ အပါအဝင်ဖြစ်သော လေညင်းကျောင်းတော်၏ ယဉ်တန်းကို လည်မော့ကြည့်ကြသည်။ ထိုအခိုက်မှာ သူတို့မျက်လုံးများက အားကျခြင်းကို ပြသမလာကြပေ။ ထိုအစား လှောင်ပြောင်လိုခြင်းဖြင့်သာ ပြည့်နှက်သွားကြသည်။
လေညင်းကျောင်းတော်က ဘာလို့ ဒီနှစ် လူနည်းနည်းလေး ပို့လိုက်တာလဲ လူငယ်တစ်ယောက်က မေးသည်။ သူက အလှမ်းဝေးကွာသွားသော ရထားလုံးများကို ကြည့်နေရင်း အံ့အားတသင့် ဖြစ်နေလေ၏။
သူက သာမန် ကျောင်းတော်မှ လာရောက်သူ ဖြစ်သည်။ သို့ပင် ဖြစ်သော်ငြား သူတို့၏ လိပ်ပြာတိုက်ပွဲခရီးစဉ်မှာ သူတို့ ကျောင်းတော်က ရထားဆယ်စီး ပို့လွှတ်ပေးခဲ့သည်။ တိုက်ပွဲဝင်မည့် ကျောင်းသားဆယ်ယောက် အပြင်, ဆရာများ, ဝေယျာဝစ္စ လုပ်ပေးမည့်သူများဖြင့်ဆိုလျှင် သူတို့က လူအယောက် သုံးဆယ်ပင် ပါလာကြသည်။
ဒါ ထူးဆန်းတယ်၊ ဒီနှစ် လေညင်းကျောင်းတော်က ဘာများ ဖြစ်သွားတာလဲ၊ နဂါးသတ်ကျောင်းတော်နဲ့ စစ်တံခွန် ကျောင်းတော်တွေတောင် အနည်းဆုံး ရထားလုံး အစီးနှစ်ဆယ်အထိ ပါလာကြတယ်၊ အဲရထားလုံးတွေထဲမှာ လေညင်းကျောင်းတော်က လူ ဘယ်နှစ်ယောက်များ ပါလာနိုင်မလဲ ထိုလူငယ်က ခေါင်းကုတ်လျက် မေးသည်။ သူ့ခေါင်းက မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
လိပ်ပြတိုက်ပွဲက တစ်လအထိ ကြာမြင့်မှာ ဖြစ်သည်။ ပြိုင်ပွဲဝင် တပည့်များအပြင်, နည်းပြဆရာများလည်း ပါဝင်လာကြသည်။ သူတို့အတွက် ဝေယျာဝစ္စပြုလုပ်ပေးမည့်သူများလည်း ပါဝင်လာကြသည်။ ထို့ကြောင့် ပြိုင်ပွဲဝင် ဆယ်ယောက်သာ ရှိလျှင်တောင် ကျောင်းတော် အသီးသီးက လူ အတော်များများ ပို့လွှတ်ပေးကြသည်သာ။