၅၆၀။ မိုးကောင်းကင်အဆုံး ချောက်နက်-၇

582 58 0
                                    

၅၆၀။ မိုးကောင်းကင်အဆုံး ချောက်နက်-၇

နန်းတော်ဆယ့်ခုက ထိုနှစ်များမှာ သူတို့လူများကို အုပ်စုလိုက် ပို့လွှတ်ကြသည်။ သူတို့ထဲမှာ ဉာဏ်ကောင်းသူများ သိမြင်လွယ်သူများ ပါဝင်ကြသည်။ သူတို့ ခစားသော အင်အားစုအား သူတို့ သစ္စာစောင့်သိကြသော်လည်း, ၎င်းအင်အားစုများ၏ တုံ့ပြန်ပုံကို ဆင်ခြင်သုံးသပ်နေကြသည်သာ။ ဖန်ဇိုမိဘများက နမူနာ ဖြစ်သည်။ သူ့မိဘများက ဟွာယောင်းတို့၏ မိသားစုများထက် ခြေတစ်လှမ်း နောက်ကျပြီးမှ အမှောင်ဘုရင်ကြီး၏ အုတ်ဂူသို့ ရောက်ရှိခဲ့ကြသည်။ သို့သော် အစောပိုင်း ရောက်ရှိနေသူများအား ဖိအားပေး၍ သူတို့ သဘောတူညီချက်မှာ ပါဝင်ခွင့် ရယူနိုင်ခဲ့သည်။ သူတို့ အလယ်ဘုံသို့ မပြန်ခင်မှာ သူတို့ ကျောပြင်များမှာ မြေပုံအစိတ်အပိုင်းများကို တက်တူး ထိုးထားလိုက်ကြသည်။

သို့သော် ဖန်ဇို့အဖေရင်းက တစ်စုံတစ်ရာ မူမမှန်မှန်း ခံစားမိသွားသည်။ သူက သူ့သား ဖန်ဇိုနှင့် သူ့ဇနီးကို သူနှင့် အတူ ပြန်မခေါ်သွားခဲ့ပေ။ သို့သော် မိုးကောင်းကင်အဆုံး ချောက်နက်အနားမှာ ယာယီနေထိုင်ဖို့ စီမံထားခဲ့လိုက်သည်။

သူခံစားမိသည့် အတိုင်းပင်, အလယ်ဘုံသို့ ပြန်ရောက်သော သူ့ကို စောင့်ဆိုင်းနေတာက လုံးဝဥဿုံ အိပ်မက်ဆိုး ဖြစ်သည်။

သူ့ဇနီးနှင့် ကလေးကို ပြန်လာတွေ့ခွင့်ပင် သူ မရခဲ့ပေ။ သူ့မိသားစု တစ်ခုလုံး သူနှင့် အတူ အသတ်ဖြတ် ခံလိုက်ရသည်။ ဖန်ဇို့အမေလည်း ဖန်ဇို့ရှေ့တွင်ပင် အသတ်ခံလိုက်ရသည်။ သူက နန်းတော်များမှ လူများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရသွားပြီး တောအုပ်ထဲမှာပင် အသားစား သားရဲများ၏ အစာဖြစ်ဖို့ ချန်ထားခံလိုက်ရသည်။

ကံကောင်းထောက်မသဖြင့် ဖန်ချီ အချိန်မီ ရောက်ရှိလာပြီး အပြင်းအထန် ဒဏ်ရာရထားသော ဖန်ဇိုကို ကယ်ထုတ်သွားခဲ့သည်။

ဖန်ချီက ဖန်ဇို့မိဘများနှင့် ကျေးဇူးမကင်းချေ။ ဖန်ချီက ၎င်းကျေးဇူးကြွေးကို ပြန်ပေးဆယ်လိုသဖြင့် ဖန်ဇိုကို ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် ဖန်ဇို့ခန္ဓာကိုယ်မှာ ရရှိထားသော ဒဏ်ရာများက ပြင်းထန်လွန်းသဖြင့် နေ့စဉ်လိုလို ပျက်စီးယိုယွင်းလာခဲ့သည်။ ဖန်ဇိုကို ကာကွယ်ဖို့ ဖန်ချီက သူ့သားအရင်းကို မွေးစားသား လုပ်ပြီး ဖန်ဇိုကို သားအရင်းလုပ်လိုက်သည်။ သူ တတ်နိုင်သမျှ ပြန်လည် စောင့်ရှောက်ပေးခြင်းပင် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now