၇၀၄။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၃)
အချိန်တစ်ခုအပြီးတွင် ဂျန်ဝုရှီက သူ့ထမင်းပန်းကန်ကို အဆုံးသတ် စားပြီးသွားသည်။ သူမက တူများကို ချထား၍ တိတ်ဆိတ်စွာသာ ထိုင်နေလိုက်သည်။ ထိုစဉ် ရင်းနှီးသော ပုံရပ်တစ်ခုအား ဂုန်ချန်းလီ ဆွဲခေါ်လာတာကို တံခါးဝမှာ တွေ့လိုက်သည်။
ဖန်ဂျင်ကို ဒီနေရာသို့ ဂုန်ချန်းလီက အတင်းအကျပ် ဆွဲခေါ်လာသည်။
တစ်ချိန်က ချောမောရည်ငံသော လုလင်ပျိုက အခု ပျက်စီးသွားလေပြီ။ သူ့မျက်နှာက ဖူးရောင်၍ ချောင်ကျနေသည်။ သူ့ခန္ဓာကိုယ်က အရိုးနှင့် အရေမျှသာ။ သူ့ဝတ်စုံကလည်း သွေးများ စွန်းထင်းနေပြီး လုံးလုံး ညစ်ပတ်ပေကျံနေသည်။ ဝတ်စုံ၏ မူရင်းအရောင်ကိုပင် မတွေ့မြင်ရတော့ပေ။ အမြဲတမ်း ရွှင်လန်းတက်ကြွနေခဲ့သော မျက်နှာက အမူအရာကင်းမဲ့နေသည်။ တောက်ပရွှန်းလဲ့ခဲ့သော မျက်လုံးတစ်စုံက အခု ကြောင်တိကြောင်တောင် ဖြစ်နေသည်။ သူ့ရှေ့သို့သာ မျက်တောင်မခတ် စိုက်ကြည့်နေသည်။
ဖန်ဂျင့်နှုတ်ခမ်းများက ခြောက်သွေ့နေပြီး အနည်းငယ် ဟနေ၏။ ရေဓာတ်ဆုံးရှုံးခြင်းကြောင့် နှုတ်ခမ်းများ အက်ကွဲနေသည်။ သူ့ပါးစပ်ထောင့်စွန်းမှ လတ်တလော ထွက်လာသော သွေးစိမ်းများက မေးရိုးနှင့် ပခုံးပေါ်သို့ စီးကျနေသည်။ သူ့ဝတ်စုံက အရိုးပေါ် အရေတင်မျှသာ ဖြစ်သော ခန္ဓာကိုယ်ပေါ်တွင် ချောင်ချိလို့နေသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားများ ပျောက်ရှသွားသည်။ လက်ရှိ ဖန်ဂျင်က ဖျားနာခဲ့တုန်းက ဖန်ဇိုထက်ပင် ပိုမို၍ ပိန်ကပ်နေလေ၏။ သူ့ဆံပင်များကလည်း အမှိုက်သရိုက်များဖြင့် ရောနှောလျှက် ရှုပ်ပွနေပြီး မျက်နှာကို ဖုံးအုပ်နေသည်။
လက်နှစ်ဖက် ခြေနှစ်ဖက်စလုံးကို သံကြိုးဖြင့် ချည်နှောင်ထားသည်။ ဂုန်ချန်းလီက သံကြိုးမှ ကိုင်၍ အသိစိတ် ပျောက်ကင်းနေသော ဖန်ဂျင်ကို အတင်းအကျပ် ဆွဲခေါ်လာသည်။ ဖန်ဂျင်က တစ်လှမ်းချင်း နောက်မှ လိုက်လာသည်။
ခြေလှမ်းတိုင်း သံခြေကျင်းကြောင့် တုံ့ဆိုင်းဆိုင်း ဖြစ်သွားရသည်။ သံကြိုးများက တချွင်ချွင် မြည်လျက် ရှိသည်။