၆၃၁။ ချန်လင်းမြို့သို့ နောက်တစ်ခေါက် (၁)
ငြိမ်းချမ်းစွာ အချိန်ကုန်လွန်သွားသည်။ နှစ်ပတ်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဝိညာဉ်ကုစားခြင်းနည်းစနစ်မှာ တိုးတက်စေဖို့ ဂူလီရှန်အား ရှင်းပြပေးရန် ဝိညာဉ်ကုစားဌာနသို့ သွားခြင်းမှ တပါး, သူမ၏ အချိန်အများစုကို ဆေးဝါးဖော်စပ်ခြင်းဖြင့်သာ ကုန်ဆုံးစေသည်။ ယဲ့မေ့ ယူလာသော ဆေးမီးပြင်းဖိုက အလွန် သေးငယ်သယောင် ထင်ရသော်လည်း ၎င်းဆေးမီးပြင်းဖို၏ ငုပ်လျှိုးနေသော သွင်ပြင်က အပြည့်အဝ ဖွင့်လှစ်ပြီးနောက် တမူထူးခြားတာကို တွေ့မြင်ရသည်။ အပြင်ပန်းအရ ဆေးမီးပြင်းဖိုက အနုစိတ်ပြီး သေးငယ်သဖြင့် ဆေးအဖုံများများ ဖော်စပ်ဖို့ မဖြစ်နိုင်သလို ထင်ရသည်။ သို့သော် အတွင်းပိုင်းက စကြဝဠာအိတ်(သိုလှောင်အိတ်)နှင့် အလွန် တူသည်။
ဆေးမီးပြင်းဖို၏ စွမ်းဆောင်ရည်က ဆေးဆယ်ဖုံစာသာမက ဆေးအဖုံ တစ်ရာကိုပင် တစ်ပြိုင်နက် သာသာထိုးထိုး ဖော်စပ်ပေးနိုင်သည်။ ၎င်းဆေးမီးပြင်းဖိုက မီးကိုပင် မလိုအပ်ချေ။ အတွင်းထဲ ဖော်စပ်ရန် ဆေးအဖုံများ ထည့်လိုက်သည်နှင့် ၎င်းဘာသာ အပူပေးပြီးသား ဖြစ်သွားသည်။
ဂျန်ဝုယောင်း ခွဲခွာသွားသဖြင့် ဖန်ချီက သူ့စားဖိုဆောင်မှ စားသောက်ဖွယ်ရာများကို ဝါးတောအုပ်လေးသို့ နောက်တဖန် ပြန်လည် ပို့ဆောင်ပေးရသည်။ ထိုနှစ်ပတ်အတွင်းမှာ အစားအစာထဲမှာ သံသယဖြစ်ဖွယ်ရာ ထည့်သွင်းလာတာကို ဂျန်ဝုရှီ မထောက်လှမ်းမိပေ။
တရားခံက ရုတ်တရက် အစားအစာထဲမှာ အဆိပ်ထည့်သွင်းခြင်း ရပ်တန့်လိုက်သဖြင့် ဂျန်ဝုရှီက ပိုမို၍ပင် သံသယဝင်လာသည်။
သူတို့ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမျှ မရှိသော်လည်း ဂျန်ဝုရှီနှင့် ဖန်ဇို နှစ်ဦးစလုံးက ဖန်ဇိုအား အဆိပ်ခပ်သူက နင်ရူဟု သူတို့ ကျိန်းသေ တွက်ဆထားကြသည်။
နင်ရှင်း သေဆုံးသွားတာက သူ့ကို တော်တော် ထိခိုက်သွားစေတာနဲ့ တူတယ် ဖန်ဇိုက အကြောင်းပြချက် ရှာသည်။ နင်ရူက ခုတလော လေညင်းကျောင်းတော်တွင် နှိမ့်နှိမ့်ချချသာ နေသည်။ သူ့ ရုံးခန်းမှပင် ထွက်ခဲလှသည်။ အရင်တုန်းက ဖန်ချီနှင့် အတူတူ နင်ရူ အမြဲတမ်းလိုလို စားသောက်လေ့ ရှိသည်။ သို့သော် နင်ရှင်း သေဆုံးသွားပြီးနောက် ကြာရှည်စွဲမြဲခဲ့သည့် ထိုဓလေ့သည်ပင် ပျက်စီးသွားခဲ့ရလေပြီ။
