၉၀၃။ လက်စွပ်(၃)
ကျောက်တုံးအိမ်လေးအတွင်း နံရံတွေမှာ ထွင်းထားတဲ့ စာသားတွေကို နင်တို့ မှတ်မိကြသေးလား ဂျန်ဝုရှီက မေးလိုက်သည်။
ကျောက်ချူတို့က သူတို့ စိတ်ကို ချက်ချင်း ငြိမ်သက်စေပြီး ပြန်လည် စဉ်းစားလိုက်ကြသည်။ ခဏအကြာမှာ ဟွာယောင်းက စာသားများကို ပြန်လည် မှတ်မိပြီး အရင်ဆုံး ပြောလာသည်။ သူ၏ ချောမောသော မျက်လုံးများက နားလည်ဟန်ဖြင့် တလက်လက် တောက်ပနေလေ၏။
မင်း ပြောချင်တာက မိုးကောင်းကင်အဆုံး ချောက်နက်ထဲမှာ ပိတ်မိနေတဲ့ လူက မီးတိုင်းပြည်နဲ့ ပတ်သက်မှုရှိနေတယ်ဆိုတာလား။
ဂျန်ဝုရှီက လက်စွပ်ကို ချွတ်၍ ဟွာယောင်းတို့ကို လှမ်းပေးလိုက်သည်။ အနီးကပ် ကြည့်ရှုစစ်ဆေးလို့ ရအောင် ဖြစ်သည်။
ဟွာယောင်းတို့က လက်စွပ်တွင် မီးဆိုသော စာလုံးကို လျင်မြန်စွာ ရှာတွေ့သွားကြသည်။
ငါ မှတ်မိပြီ.... အဲစာကြောင်းတွေကို ချန်ထားရစ်ခဲ့တဲ့ လူက တိုင်းပြည်တစ်ခုခုရဲ့ ဘုရင်ဆိုတာ သေချာတယ်၊ သူက မီးတိုင်းပြည်ရဲ့ မူလရှင်ဘုရင်များလား၊ သူ ပျောက်ကွယ်သွားလို့ လက်ရှိဘုရင်က နန်းတက်လိုက်ရတာလား ကျောက်ချူ၏ မျက်လုံးများ နောက်တစ်ကြိမ် ပြူးထွက်လာပြန်သည်။ မိုးကောင်းကင်အဆုံး ချောက်နက်ထဲမှာ ဂျန်ဝုရှီက တိုက်တိုက်ဆိုင်ဆိုင် ကောက်ယူလာခဲ့သော လက်စွပ်က မီးတိုင်းပြည်နှင့် ရှုပ်ထွေးစွာ ချိတ်ဆက်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
မဟုတ်သေးဘူး, အဲတုန်းက အချိန်တွေကို တွက်ကြည့်ရင်, ချောက်နက်ထဲ ဆင်းသွားတဲ့ အဲလူက နှစ်တစ်ရာနီးပါးလောက် ရှိနေပြီ၊ လက်ရှိဘုရင်ကြီးရဲ့ သက်တမ်းက အဲသလောက် မရှိသေးဘူး။ ဟွာယောင်းက ချက်ချင်းပင် သဘောမတူဟန်ဖြင့် ခေါင်းယမ်းပြလိုက်သည်။
အရင်ဘုရင်ကြီးက နတ်ရွာစံသွားပေမဲ့ လက်ရှိ မီးတိုင်းပြည်နဲ့ သက်ဆိုင်နေတုန်းပေါ့ ဖန်ဇိုက အရွှန်းဖောက်သည်။
ဖေးယန်၏ မျက်လုံးများ ကျဉ်းမြောင်းနေကြသည်။ သူက တစ်ခုခုကို ကြိုးကြိုးစားစား စဉ်းစားနေပုံပင်။ ခဏအကြာမှာတော့ သူ ရုတ်တရက် အလင်းပွင့်သွားသည်။
