၇၉၂။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း
ဂျန်ဝုရှီက ချူလင်းယွဲ့၏ ထမင်းအိုး တည်လို့ ရလောက်အောင် နီမြန်းနေသော မျက်နှာကို ကြည့်၍ မျက်ခုံးပင့်မိသွားသည်။ အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း ချူလင်းယွဲ့က စကားမပြောသေးဘဲ မျက်နှာနီးမြန်းမြဲ နီးမြန်းနေပြီး ထို့နောက် ရုတ်တရက် လှည့်ထွက်၍ ရှောင်ပြေးသွားတော့သည်။ သူမက မျက်နှာကို လက်ဝါးဖြင့်ပင် အုပ်သွားလေသည်။
........ ဂျန်ဝုရှီက လူများ၏ ထိုသို့သော အပြုအမူကို တကယ်ပင် နားမလည်ချေ။
ညောင်
(သူမ ဘာဖြစ်နေတာလဲ)
ကြောင်နက်လေးက ဂျန်ဝုရှီ၏ ပခုံးပေါ်သို့ ခုန်တက်၍ အမြီးကို အသာအယာ လွှဲယမ်းနေသည်။
ဂျန်ဝုရှီက သူမလက်ကို မြှောက်၍ ကြောက်နက်လေး၏ မေးကို ကုပ်ပေးလိုက်သည်။ သူမက ချူလင်းယွဲ့၏ ထူးဆန်းသော အပြုအမူကို ခေါင်းထဲမှ ထုတ်ထားလိုက်သည်။
ထာဝရအမိုးခုံး တည်းခိုဆောင်သို့ ဂျန်ဝုရှီ ပြန်ရောက်ချိန်မှာ ဖန်ဂျင်တစ်ယောက်တည်းသာ ရှိသည်။ တခြားလူများ ပြန်မလာကြသေးချေ။ သူတို့၏ မဲနံပါတ်များက ရှေ့ပိုင်းလောက်မှာ ရှိနေတာဟု သူမ စဉ်းစားမိသည်။ ဂျန်ဝုရှီက ဘာမျှ လုပ်စရာ မရှိတော့သဖြင့် ဆေးလုံးဖော်စပ်ဖို့သာ လုပ်ဆောင်လိုက်သည်။
ဂျန်ဝုရှီက အခန်းတံခါးပိတ်၍ ဆေးလုံးဖော်စပ်ရင်း အလုပ်များနေစဉ်, ရန်တိုင်းပြည် ဘုရင့်နေပြည်တော်ရှိ တိုင်းပွဲကွင်းပြင်တချို့မှာ လူများ သွေးရူးသွေးတန်း ဖြစ်၍ ရုတ်တရက် အကြီးအကျယ် အပြောင်းအလဲ ဖြစ်သွားသည်။
ဒီနှစ် လိပ်ပြာတိုက်ပွဲမှာ လေညင်းကျောင်းတော်ကို ခြိမ်းခြောက်နိုင်စွမ်းရှိ၏ဟူ၍ မည်သူမျှ မမြင်ကြချေ။ လေညင်းကျောင်းတော်မှ တပည့်များနှင့် နံပါတ်တူကျသော ကျောင်းသားများက မည်သို့မျှ ဖိအားအဖြစ် မခံစားကြရချေ။ သို့သော် သက်သောင့်သက်သာဖြင့် အနိုင်ယူရန် ပြုမှုနေကြသော ထိုပြိုင်ဘက်များက လျင်မြန်စွာပင် အမှုန့်ကြိတ်ခံလိုက်ကြရသည်။
