၂၁၂။ “အကျပ်ကိုင်ခြင်း - ၃”
ချင်းယန်ကလန်မှ ကိုယ်စားလှယ်များ ခန်းမထဲမှ ထွက်ခွာသွားပြီးနောက်, ဂျန်းချန်ချင်းက ဝိညာဉ်ကျောက်စိမ်းကို အမြန်အဆန် သိမ်းယူဖို့ အုပ်စု နှစ်ခု ခွဲထုတ်ချင်သည်။
“ရယ်စရာကောင်းလိုက်တာ, ဘုရင်လေးက ဘာကိုများ စဉ်းစားနေတာလဲ မသိဘူး, သူက ဝိညာဉ်ကျောက်စိမ်းကို လက်မလွှတ်ဘဲ သိမ်းထားနိုင်မယ်လို့များ ထင်နေသလား၊ အကြီးအကဲ, သူတို့က ဝိညာဉ်ကျောက်စိမ်းကို ကွယ်လွန်သွားခဲ့တဲ့ သူတို့ မိသားစုဝင်တွေနဲ့ အတူတူ မြှုပ်နှံထားတယ်လို့ ထင်မိသလား” အခြား ချင်းယန်ကလန် တပည့်များက သူတို့၏ မကျေနပ်ချက်များကို မထိန်းထားနိုင်တော့ဘဲ ဂျန်းချန်ချင်းကို မေးလိုက်သည်။
ဂျန်းချန်ချင်းက အထင်သေးစွာ နှာခေါင်းရှုံလိုက်သည်။ “သူ လုပ်ရဲမှာလား၊ ချီတိုင်းပြည်ဆိုတာ မဖြစ်စလောက်လေးပါ၊ သူက ငါတို့ကို ရဲရဲတင်းတင်းနဲ့ လိမ်ညာလှည့်စားမယ်ဆိုရင်, ငါတို့ ချင်းယန်ကလန်ကို ပေါ့သေးသေး သဘောထားလို့ မရဘူးဆိုတာကို သူ သိအောင် လုပ်ပေးလိုက်မယ်။”
ချီတိုင်းပြည် ထူထောင်ထားတာက နှစ်တစ်ရာကျော်သာ ရှိသေးသည်။ သူတို့၏ အခြေခံနှင့် သူတို့ စစ်တပ်အင်အားက မသန်မာသေးပေ။ အင်အားစုများကြားတွင်, သူတို့က တိုင်းပြည် သေးသေးလေးတစ်ခုသာ ဖြစ်သည်။ သူတို့ ကုန်းမြေ၏ အကာအကွယ်က ဂျန်မိသားစု၏ ရူလင်းစစ်တပ်ကို အဓိက အားထားနေရသည်။
“ဂျန်မိသားစုရဲ့ ဝိညာဉ်ကျောက်စိမ်းကို ဂျန်ဂုနဲ့ အတူတူ မြှုပ်နှံထားတယ်ဆိုတာ အရင်ဘုရင်ကြီးက ပြောခဲ့တာ၊ သူတို့က ဝိညာဉ်ကျောက်စိမ်းရဲ့ တကယ်အသုံးဝင်တဲ့ တန်ဖိုးကို သိသေးတဲ့ပုံ မပေါ်ဘူး၊ ဒါ့ကြောင့်ပဲ သေတဲ့လူတွေနဲ့ အတူတူ မြှုပ်နှံပေးထားခဲ့တာ။” ချင်ယုယန်က အသာအယာ ပြောသည်။
ဝိညာဉ်ကျောက်စိမ်း ထားသည့်နေရာကို လိမ်ညာရဲသည့် သတ္တိ, မိုချင်းယွမ် မပိုင်ဆိုင်ထားမှန်း သူမ ယုံကြည်ထားသည်။