၅၃၅။ ဒုက္ခရှာသော လူနှစ်ယောက်-၃
ရှီလေး... နင် ယင်ယန်ကို မမှတ်မိဘူးလား၊ မင်းတို့နှစ်ယောက် အရင်က တစ်မိုးအောက်တည်းမှာ နေခဲ့ကြတာလေ။ နင်ရှင်းက မသက်မသာ ရယ်လျက် ပြောသည်။ သူမက ဂျင်ရှီ၏ တုံ့ပြန်ပုံကို သေချာ ဂရုတစိုက် လေ့လာသည်။
မမှတ်မိဘူး ဂျန်ဝုရှီက ခေါင်းပင် မယမ်းတော့ဘဲ ပြန်ပြောသည်။
ယင်ယန်က သူ့ပါးများ ပူလောင်သွားတာကို ခံစားလိုက်ရသည်။ သူက ဂျန်ရှီနှင့် ရင်းနှီးကြောင်းကို အစောနက ဖန်ဇိုအား နင်ရှင်း ပြောပြထားခဲ့သည်။ ဂျန်ရှီက သူ့ကို သိပင် မသိဟူ၍ ပြောလာသည်။ ဒါက ယင်ယန်ကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်ခြင်း ဖြစ်ပြီး ဒီနေရာကို လာဖို့ ဆင့်ခေါ်ထားရသော ယင်ယန်၏ သတ္တိများလည်း ပျက်စီးသွားလေ၏။
ထိုအခိုက်မှာ နင်ရှင်းနှင့် ယင်ယန်က ကြမ်းပြင်က သူတို့ကို မျိုသွားပါစေလို့ပင် ဆုတောင်းမိသည်။ ဂျန်ရှီ၏ နင်ရှင်းအား ရန်လိုခြင်းက ယင်ယန်ကြောင့်ဟူ၍ သူတို့ တွက်ဆထားခဲ့သည်။ သို့သော် အခြေအနေ ကြည့်ရသလောက် ဒီကိစ္စက ဟုတ်ဟန် မတူတော့ပေ။
ထို့ပြင် ဂျန်ရှီက သူ့ကို မှတ်မိလောက်မှာပါဟူ၍ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အလွန် ကြိုးစားထားရပြီး အညံ့ခံရမည့် အခြေအနေရှိလျှင် မဆိုင်းမတွ ဂျန်ရှီအား ဦးညွတ်ဖို့ အထိ ပြင်ဆင်ထားခဲ့သည်။
သို့သော်ငြား သူက ဂျန်ရှီ၏ သတိပြုခြင်းကိုပင် ခံထိုက်သည့် အထဲမှာ မပါဝင်သေးချေ။ ဂျန်ရှီက သူ့ကို မှတ်မိတာပင် မရှိချေ။
တိတ်ဆိတ်ခြင်းက ဝါးအိမ်လေးသို့ တိုးဝှေ့လာသည်။ ရှက်လွန်းသဖြင့် ယင်ယန်၏ ဦးခေါင်းက ငုံ့ကျသွားသည်။ နင်ရှင်း၏ အပြုံးက အေးခဲသွားသည်။ တိတ်ဆိတ်ခြင်းက နားကွဲလုမတတ် ဖြစ်လာသည်။
ဖန်ဇိုက တစ်ဖက်တွင် ထိုင်နေသည်။ သူက ထိုအလည်လာသူနှစ်ယောက်၏ အခက်အခဲကို သတိမပြုမိဟန်ဖြင့် ခေါင်ရှုပ်သွားသလိုလိုဖြင့် မေးသည် မင်း သူ့ကို မမှတ်မိဘူးလား၊ ဒါ မဖြစ်နိုင်ဘူးမို့လား၊ မင်းနဲ့ ယင်ယန်က အတော်လေး ရင်းနှီးတယ်လို့ နင်ရှင်းက ငါ့ကို ပြောထားတာ၊ သူက မင်းကို အရမ်းသတိရနေလို့ ဒီအထိ မင်းကို လာတွေ့တာပါတဲ့၊ ရှီလေး... မင်း သေချာ စဉ်းစားသင့်တယ်၊ ကပျက်ကချော် မလုပ်သင့်ဘူးနော်။