၄၂၅။ ယုံကြည်ချက်
အမကြီးနင်နှင့် ဂူလီရှန်, နှစ်ဦးလုံးက လီဇီမုကို အရေးကြီးလူအဖြစ် သတ်မှတ်ထားသဖြင့် ယင်ယန့်ကို မနာလို ဖြစ်စေသည်။ လီဇီမုက အရည်အချင်း ညံ့ဖျင်းပြီး နေ့စဉ် သင်ခန်းစာများကို မနည်းသင်ယူနေရတာကို တွေ့မြင်ချိန်မှာတော့ သူက ပြုံးပျော်သွားရသည်။
လီဇီမုက အခုထိ ဝေဝါးနေပြီး ဘာကိုမျှ မည်မည်ရရ မသင်ယူနိုင်သေးချေ။
ဘာလို့ ဒီလို ဖြစ်သွားရတာလဲ အမကြီးနင်က မျက်မှောင်ကြီးကြုတ်လျက် မေးသည်။ ကိစ္စရပ်များက သူ အကွက်ချထားသည့်အတိုင်း ဖြစ်မလာတာက သိသာလွန်းနေ၏။
ပြီးခဲ့သည့် နှစ်ပတ်လုံးလုံး လီဇီမုအား ဖော်ရွေပျူငှာစွာ သူမ ဆက်ဆံပေးခဲ့သည်။ သူ့ကို ချည်ပြီးတုပ်ပြီး ဖြစ်စေရန် ဖြစ်သည်။ သို့သော် အလားအလာက သူမ မျှော်လင့်သလို ဖြစ်မလာလျှင် သူမက အင်အားဖြုန်းရုံ သက်သက်သာ ဖြစ်လိမ့်မည်။
နောက် နှစ်ပတ်လောက်အထိ သူ့ကို စောင့်ကြည့်ထား၊ အရာရာ တိုးတက်မလာဘူးဆိုရင် ငါ့ကို လာပြော၊ လီဇီမုကို ငါ့လက်အောက်မှာ ထားဖို့ အဖေ့ကို ပြောမယ်လို့ ရည်ရွယ်ထားတယ်၊ ဒါပေမဲ့ တကယ် အသုံးမကျဘူးဆိုရင် အဲလို အမှိုက်ကောင်မျိုးကို ငါ တကယ် မလိုအပ်ဘူး။ အမကြီးနင်က မကျေမနပ် ညည်းတွား ပြောဆိုသည်။
တပည့်ကြီးများအားလုံးက သူတို့လက်အောက်တွင် တပည့်ငယ် နှစ်ယောက်စီကို တာဝန်ယူ စောင့်ရှောက်ခွင့် ရှိသည်။ သူမက ယင်ယန်အား ပထမနေရာကို ပေးထားပြီး ဖြစ်သည်။ ဒုတိယနေရာအတွက် လီဇီမုအား ပေးရန် သူမ စဉ်းစားထားသည်။ သို့သော် ဒါကို နောက်တစ်ကြိမ် သူမ ပြန်စဉ်းစားရမလို ဖြစ်နေသည်။
စိတ်ချပါ အမကြီးနင်၊ ငါ လီဇီမု တိုးတက် မတက် ကြည့်ထားလိုက်ပါ့မယ်။ ယင်ယန်က ခေါင်းငုံ့ကာ ပြောသည်။ ကောက်ကျစ်ယုတ်မာသော အပြုံးကို သူ ဖုံးဝှက်လို၍ ဖြစ်သည်။
အမကြီးနင်က အနည်းငယ် စိတ်ညစ်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းပြသည်။
*******************************
နေ့ရက်များက တရွေ့ရွေ့ ကုန်လွန်သွားသည်။ ဂျန်ဝုရှီက ဝါးတောအုပ်အတွင်းရှိ တိတ်ဆိတ်ငြိမ်သက်သော ဝါးအိမ်လေးတွင် နေထိုင်တာ တစ်လရှိလေပြီ။ တစ်လကျော်သွားသော်ငြား လေညင်းကျောင်းတော်အတွင်း ပျံ့နှံ့နေသော ကောလာဟလများက လျော့ကျသွားသည် မရှိဘဲ ပိုလို့ပင် ပြင်းထန်လာသည်။ သို့သော် ဂျန်ဝုရှီ လုံးလုံး သတိမပြုမိပေ။