၅၀၂။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၂
အရာရာတိုင်းက ခဏအတွင်း ဖြစ်ပျက်သွားသည်။ လူဝေဂျိုင်က သစ်ပင်၏ ပင်စည်နှင့် ဆောင့်မိသွားပြီး ပါးစပ်အပြည့် သွေးအန်သွားလေ၏။ တုန်ယင်ချောက်ချားလို့ မပြီးခင်မှာပင် သူ့ကို လောင်ချီက အင်္ကျီကော်လာမှ ကိုင်မ၍ တခြားစစ်သားများ ဖမ်းဆီးထားသော ကျောင်းသားများ အုပ်စုသို့ ပစ်ပေါက်ထည့်လိုက်သည်။
လူဝေဂျိုင်က လေညင်းကျောင်းတော်၏ ကျောင်းသားများကြားတွင် သူ၏ ထူးခြားသော ဝိညာဉ်စွမ်းအားကြောင့် အရေးပေးခံရပြီး ဖျာလိုလိပ် ထိပ်ပေါ်တင်ထားခံရသူ ဖြစ်သည်။ သို့သော် အခု ညစ်ပတ်ပေကျံသော မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်။ ကာကွယ်ရေးစကား တစ်ခွန်းမျှပင် မပြောရဲတော့ချေ။
ရူလင်းစစ်သားများက သူတို့ ကျောင်းသား ၂၀ကို ဝိုင်းထားကာ မြိမြိထက်နေသော ဓားများကို ဓားအိမ်မှ ဆွဲထုတ်၍ ချိန်ထားကြသည်။
အေးစက်စက် သံမဏိဓားများက တလက်လက်ဖြစ်နေပြီး ကျောင်းသားများ အားလုံး သနားစဖွယ် တအီအီ ငိုကြွေးကြလေ၏။
မလုပ်ပါနဲ့... ကျနော်တို့ကို မသတ်ပါနဲ့... ကျနော်တို့ အဲလို လုပ်ချင်တာ မဟုတ်ကြပါဘူး... ကျနော်တို့ အမှား သိပါပြီ။
လွန်ခဲ့သော တစ်ခဏမှာ သူတို့က ရူလင်းစစ်သားများ၏ သက်မဲ့ကိုယ်များမှ ပစ္စည်းများကို လုယက်ယူငင်ဖို့ ကြောင့်ကြနေခဲ့ပြီး အခု သူတို့က ရုတ်တရက် အေးစက်မာကျော၍ ညစ်ပတ်သော မြေပြင်မှာ လှဲသိပ်ခံလိုက်ကြရလေပြီ။ သူတို့ကို ထက်မြိနေသော ဓားများဖြင့် ထိုးချိန်ခံရချိန်မှာ ဖူးဖူးမှုတ်ခံထားရပြီး အမြဲတမ်း ကာကွယ်စောင့်ရှောက်ခံထားရသော သူတို့က အသက်ချမ်းသာရေး အတွက် ဒူးထောက်၍ သနားစဖွယ် တောင်းပန်နေကြရလေပြီ။ တချို့က ကြောက်သေးပင် ပါနေကြသည်။
ဖန်ဂျင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူက တုန်လှုပ်ချောက်ချားကာ ကပျာကသီဖြင့် ၎င်းကျောင်းသားများ ရှေ့သို့ သွားရပ်လိုက်သည်။
ဗိုလ်ချုပ်လောင်, ဓားချထားပါအုံးလားဗျာ။
ထိုခဏမှာ လောင်ချီ၏ ဓားက တုံ့ဆိုင်းသွားသည်။
