၃၅၇။ တပည့်ဖြစ်လာခြင်း - ၁
ဂျန်ဝုရှီ နိုးလာတော့ နောက်တစ်နေ့ မနက်စောစော ဖြစ်သည်။ ဂျန်ဝုယောင်းက နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။ သူမ အပြင်ထွက်လာသည်။ ယဲ့ရှက သူမရှေ့တွင် ပေါ်လာသည်။
မမလေး
ဂျန်ဝုရှီက ရင်းနှီးနေသော်လည်း တစ်ချိန်တည်းမှာပင် မရင်းနှီးသလို ဖြစ်နေသော မျက်နှာကို တိတ်ဆိတ်စွာ ကြည့်သည်။
ဆရာဝုယောင်းက တစ်ခုခုကို ရှာဖွေမလို့ ထွက်သွားပါတယ်၊ ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့၊ ဒီမှာပဲ အချိန်အတိုင်းအတာတစ်ခုလောက် စောင့်ဆိုင်းပေးပါ။ ယဲ့ရှက မျက်နှာသေဖြင့် ပြောသည်။
ဂျန်ဝုရှီက ခဏလောက် တွေးတောနေလိုက်သည်။ ထို့နောက် သူ ရှာဖွေမည့်အရာကို ခန့်မှန်းမိသည်။
သူ မနေ့က ပြောထားတာရှိသည်။ သူမဝိညာဉ်ကို အပြည့်အစုံ ပြန်ဖြစ်သွားအောင် ကုစားဖို့ နည်းလမ်းရှာမည်လို့ ပြောခဲ့သည်။ သို့သော် မပြည့်မစုံဖြစ်နေသည့် ဝိညာဉ်ကို ကုစားရတာက ထင်သလောက် မလွယ်ကူပေ။ ဂျန်ဝုယောင်း ထွက်ခွာသွားတာက သူမကို ကုစားနိုင်အောင် တစ်ခုခု ရှာဖွေတာသာ ဖြစ်သည်။
ရုတ်တရက် သူမနှလုံးသားမှ နွေးထွေးမှုကို ဂျန်ဝုရှီ ခံစားလိုက်ရသည်။ ထို့နောက် သူမက ယဲ့ရှအား ခေါင်းညိတ်ပြသည်။ ယဲ့ရှက အစအနမကျန် ပျောက်ကွယ်သွားသည်။
အရင်ယဲ့ရှလိုပင် သူက တိတ်ဆိတ်စွာ သူမကို စောင့်ရှောက်ကာကွယ်နေသည်။ မည်သူမျှ သတိမပြုမိပေ။
ဂျန်ဝုရှီက လက်ရှိကို ပြန်လည်အာရုံစိုက်၍ အပြင်ဘက်သို့ လျှောက်လှမ်းထွက်သွားသည်။ သူမ လင်းအိမ်တော်သို့ မပြန်နိုင်သေးလျှင်, သူမမှာ တခြားလုပ်စရာ ရှိသည်။
ဥယျာဉ်ထဲတွင် ယန်ဘူဂွေ့က ကျောက်တုံးခုံရှည်တွင် ဝိုင်ကရားကို ကိုင်၍ ထိုင်နေသည်။ ဖေးယန်နှင့် ရောင်းရူတို့၏ အချင်းချင်း လေ့ကျင့်နေတာကို သူက စူးစမ်း ကြည့်နေသည်။ သူ့ဘေးတွင် ဟွာယောင်းနှင့် ကျောက်ချူတို့က အင်အားချည့်နဲ့စွာ ထိုင်နေကြသည်။ သူတို့က အပြည့်အဝ ပြန်မကောင်းကြသေးသဖြင့် ပြင်းပြင်းထန်ထန် မလေ့ကျင့်နိုင်ကြချေ။
