၃၅၀။ “ဖီးနစ်ကျောင်းတော် - ၃”
ဂျန်ဝုရှီက ကျောက်ချူထံ လျှောက်သွား၍ သူ့အိပ်ရာဘေးတွင် ရပ်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမျှ မပြောဘဲ ကျောက်ချူခြုံထားသည့် စောင်ကို ခွာလိုက်သည်။
အိပ်ရာပေါ်လှဲနေသည့် ကျောက်ချူ တုန်လှုပ်သွားသည်။
စောင်ခြုံခွာလိုက်လျှင်သွေးစွန်းနေသည့် ပတ်တီးစများနှင့် ဆေးပုလင်းအမျိုးမျိုးကို စောင်ခြုံအောက်တွင် တစ်ပုံတခေါင်း တွေ့လိုက်ရသည်။
ဂျန်ဝုရှီ၏ မျက်လုံးများက ပိုမို၍ အေးစက်စက် ဖြစ်သွားသည်။
ကျောက်ချူက ဂလုခနဲ တံတွေးမျိုချလိုက်ပြီး သက်သေဖြောက်ရန် စောင် ပြန်ခြုံလိုက်သည်။
“အဲဒါတွေကို အရင်ရက်တွေကတည်းက လွှင့်ပစ်မလို့၊ ဒါပေမဲ့ ငါ ပျင်းနေလို့ လွှင့်မပစ်ရသေးတာ, ဟား....ဟာ...” ကျောက်ချူက ရှက်ကိုးရှက်ကန်း ရယ်သည်။
ဂျန်ဝုရှီက ကျောက်ချူ၏ ဝတ်ရုံကို ဆွဲ၍ အကျယ်ကြီး ဟကြည့်လိုက်သည်။ ဝတ်ရုံအောက်တွင် သွေးစွန်းနေသည့် ပတ်တီးစများက နေရာအနှံ့ပင်။ သွေးများက ပတ်တီးစများမှတဆင့် ယိုစိမ့်ကျနေတုန်းပင်။ ထိုမြင်ကွင်းက ဂျန်ဝုရှီ၏ မျက်လုံးကို ပူပြင်းတောက်လောင်သွားစေသည်။
ကျောက်ချူက ပင့်သက်ရှိုက်လိုက်သည်။ သူ့ဒဏ်ရာများကို ကွယ်ဝှက်ဖို့ နောက်ကျသွားတာကို သူ သိလိုက်သည်။ ဂျန်ဝုရှီ၏ မျက်နှာ ဖြူရော်သွားတာကို တွေ့ရသဖြင့် သူက မလှုပ်ရှားတော့ပေ။
“ဒီဒဏ်ရာတွေက..... ဆေးကုပြီးပြီ..... တကယ် အမြန်....”
ဂျန်ဝုရှီက သူ့ကို လျစ်လျူရှူ၍ ပြတ်သားတိကျစွာ သူမခေါင်းကို မော့လာသည်။ သူမက ဟွာယောင်းကို လှည့်ကြည့်လျှင် ဟွာယောင်းက သက်ပြင်းချ၍ ကူကယ်ရာမဲ့ဟန်ဖြင့် သူ့ဝတ်ရုံကို ဖွင့်ပြလိုက်သည်။ သူ့အပေါ်ပိုင်း ခန္ဓာကိုယ်က ပတ်တီးများအပြည့် ဖြစ်နေသည်။