၈၀၀။ အတွင်းသတင်း(၁)
တစ်ရက်နောက်ကျပြီးမှ ဂျန်ဝုရှီ၏ ပြိုင်ပွဲအလှည့်သို့ ရောက်ရှိလာသည်။ လေညင်းကျောင်းတော်၏ အလှည့်များမှာ လေညင်းကျောင်းတော်မှ မည်သူ့ကိုမျှ မည်သူမျှ အထင်မသေးဝံ့ကြချေ။ အသက်အငယ်ဆုံးဖြစ်သည့် ဂျန်ဝုရှီကိုပင် မြင့်မားသော အရည်အသွေးရှိသည့် ပြိုင်ပွဲဝင်အနေဖြင့် ရှုမြင်ထားကြသည်။
သို့သော်ငြား....
ဂျန်ဝုရှီ၏ ပထမအကျော့ တိုက်ပွဲတွင် နောက်ထပ် မျှော်လင့်မထားသော အရာက ဖြစ်ပျက်လာသည်။
ပြိုင်ပွဲနေ့မှာ ဂျန်ဝုရှီက တိုက်ပွဲစင်မြင့်အလယ်သို့ တက်လှမ်းသွားသည်။ သို့သော် လင်းချီကို အတော်ကြာအောင် မည်သည့် နေရာမှာမှ မမြင်ရပေ။ နဂါးသတ်ကျောင်းတော်မှ လင်းချီကို ဂျန်ရှီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ဖို့ လူတိုင်း မြင်ချင်ကြသည်။ လေညင်းကျောင်းတော်မှ တခြားငါးယောက်က သာလွန်ထူးကဲသော စွမ်းအားများကို ပိုင်ဆိုင်ထားတာကို သူတို့ သိပြီး ဖြစ်ကြသည်။ သူတို့ထဲမှ အငယ်ဆုံးဖြစ်သော ဂျန်ရှီ၏ အစွမ်းကိုလည်း သူတို့ သိချင်ကြသည်။
အချိန်က စက္ကန့်မှ မိနစ်သို့ ပြောင်းသွားသည်။ တိုက်ပွဲကွင်းပြင်တစ်ခုလုံးတွင် သူတို့ လင်းချီ၏ အရိပ်အယောင်ကိုမျှပင် မမြင်ကြရချေ။ ပြိုင်ပွဲဒိုင်လူကြီးက တိုက်ပွဲကွင်းပြင်၏ ဝင်ပေါက်ကို လှမ်းလှမ်းကြည့်နေသည်။ သို့သော် တခြား ပြိုင်ပွဲဝင် ပေါ်လာတာကိုတော့ သူ မမြင်ရပေ။
သူတို့က နှစ်နာရီလုံးလုံး စောင့်ဆိုင်းနေကြသည်။ ထို့နောက် နောက် ပြိုင်ပွဲကို ဆက်ရုံမှ တပါး သူတို့မှာ ရွေးချယ်စရာ မရှိတော့ပေ။
လိပ်ပြာတိုက်ပွဲ၏ စည်းမျဉ်းက အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ ပြိုင်ပွဲကို နှောင့်နှေးကြန့်ကြာခွင့် မပြုပေ။ နှစ်နာရီထက် ကြာသွားလျှင်, လက်လွှတ်ဆုံးရှုံးပြီဟု သတ်မှတ်ထားသည်။
လင်းချီက နှစ်နာရီ သတ်မှတ်ချိန်အတွင်းမှာ ပေါ်မလာခဲ့ပေ။ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အရ ဒါက အရှုံးပေးလိုက်ခြင်းနှင့် ညီတူညီမျှ ဖြစ်သွားသည်။
