၇၀၀။ ဖန်ချီ၏ သေဆုံးပုံ (၃)
ဖန်ချီက သူ မူလ စီမံထားသည့် အတိုင်း ဆက်လက် လုပ်ဆောင်သည်။ သူ အရင်ဆုံး ဖန်ဂျင်နှင့် ထွေရာလေးပါး ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုသည်။ နေ့စဉ် ပြောသလို ဖြစ်သည်။ ထို့နောက် အာ့ဂျန်ကိစ္စသို့ တဖြည်းဖြည်း စကားလမ်းကြောင်း ပြောင်းယူသည်။ အာ့ဂျန်က ထိုအချိန်တွင် လျှို့ဝှက်အကန့်ထဲမှာ ပုန်းအောင်းနေဆဲ ဖြစ်သည်။ သူက စိုးရိမ်ပူပန်နေသဖြင့် သူ့လက်ဖဝါးများ ချွေးများဖြင့် စေးကပ်နေလေ၏။
သို့သော်ငြား ဖန်ချီက တစ်ခုခုကို ပြောဟန်ပြင်လိုက်စဉ်မှာပင်, ရုံးခန်းတံခါးက ရုတ်တရက် အကျယ်ကြီး ပွင့်လာသည်။
လူနှစ်ယောက်က တံခါးအပြင်ဘက်မှာ ရပ်နေကြသည်။
တစ်ယောက်က နင်ရူဖြစ်ပြီး နောက်တစ်ယောက်က ဂုယင် ဖြစ်သည်။
အာ့ဂျန်က အစပထမမှာ မည်သည့် အမှားအယွင်းကိုမျှ မတွေးမိပေ။ သို့သော် နောက်တစ်ခဏမှာ ဖြစ်သွားသော အရာက သူ့အား အသူတရာနက်သော ချောက်ထဲသို့ ပစ်ချလိုက်သလို ဖြစ်သွားသည်။
ဂုယင်က ရုံးခန်းထဲ ဝင်လာပြီး ဘာစကားမျှ မပြောဘဲ ရုတ်တရက် သူ့တည်နေရာမှာ ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် ဂုယင်က ဖန်ချီ၏ ရှေ့တည့်တည်မှာ ပေါ်လာပြီး ဓားဖြင့် ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။ ဓားက ဖန်ချီထိုင်နေဆဲ ကုလားထိုင် ကျောမှီကိုပင် ထိုးစိုက်သွား၍ တွဲစပ်ထားသလို ဖြစ်သွားသည်။
ဖန်ချီ သေဆုံးသွားသည့်တိုင် သူ တုံ့ပြန်ချိန် မရလိုက်ပေ။ ဘာဖြစ်သွားခဲ့သလဲ ဆိုတာပင် သူ သတိမပြုမိခဲ့ပေ။ သူက ရှေ့သို့ ငိုက်ကျသွားပြီး ဓားရိုးကိုင်ထားသော ဂုယင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ သေစေလောက်သော သူ့ဒဏ်ရာနှင့် ပါးစပ်မှ သွေးများ စီးကျလာသည်။ သူက နင်ရူကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်လိုက်သည်။ ဂုယင်ကို သူ့ရုံးခန်းသို့ ခေါ်လာသူက နင်ရူ မဟုတ်လော။
ဖန်ချီ အသတ်ခံလိုက်ချိန်မှာ ဖန်ဂျင်က ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားကာ ဂုယင်အား ဒေါသတကြီး တိုက်ခိုက်သည်။