၄၃၀။ ရောဂါလား အဆိပ်လား - ၅
ရှီလေး... ဇိုလေး အခြေအနေက... ဖန်ဂျင်က ဂျန်ဝုရှီဘက်သို့ လှည့်ကြည့်သည်။ အားပါးတရအပြုံးကြောင့် သူ့မျက်နှာ နှစ်ခြမ်းကွဲလုမတတ်ပင် ဖြစ်နေ၏။ သို့သော် ဂျန်ဝုရှီက သူ့အား လုံးလုံး အထင်သေးဟန်ဖြင့် ပြန်ကြည့်နေတာကို သူ သတိပြုမိလိုက်သည်။
ဖန်ဂျင် စိတ်ရှုပ်ထွေးဟန် ဖြစ်သွားသည်။ သူ ရှေ့ခြေတစ်လှမ်း တက်လာ၏။ သို့သော် ဂျန်ဝုရှီကလည်း နောက်သို့ ခြေတစ်လှမ်း အမြန်ဆုတ်သွား၏။
ငါ့နား မလာနဲ့။ ဂျန်ဝုရှီ၏ မျက်လုံးများက အေးစက်မာကျောနေ၏။
ဖန်ဂျင့်နှလုံးက စစ်ခနဲ နာကျင်သွားသည်။ သူ အစောပိုင်း တံခါးဖွင့် ဝင်လာချင်းချင်း ဂျန်ရှီအား သံသယဝင်ခဲ့သည်ကို ပြန်လည် အမှတ်ရသွားသည်။ သူ ချက်ချင်းပင် အပြစ်ရှိတာကို လွန်စွာ ခံစားလိုက်ရသည်။
သူ့မျက်စိရှေ့တွင် ဖန်ဇို့အခြေအနေ တိုးတက်လာတာကို သိသာထင်ရှားစွာ သူ မြင်နိုင်၏။ ဆေးပညာမှာ သူ မည်မျှလောက်ပင် တုံးအနေပါစေ, ဂျန်ရှီ အစောပိုင်း လုပ်ဆောင်နေတာ မှန်သမျှ ဖန်ဇိုကို ကယ်တင်ဖို့မှန်း သူ နားလည်မိသည်။ သို့သော် သူက တကယ်ပင် ဂျန်ရှီ၏ ရည်ရွယ်ချက်အား သံသယဝင်ခဲ့မိသည်။
ရှီလေး, ငါ တကယ် တောင်းပန်ပါတယ်ကွာ၊ ငါ မင်းကို သံသယမဝင်ချင်ပါဘူး၊ ဒါပေမဲ့ တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက, ငါ တကယ် အချိန်မီ မတုံ့ပြန်နိုင်မိခဲ့ဘူး၊ ငါ တကယ့် တကယ်ကို တောင်းပန်ပါတယ်ကွာ။ ဖန်ဂျင် တောင်းပန်လေ၏။ လှောင်ပြောင်သော မျက်လုံးများဖြင့် ဂျန်ရှီ သူ့အား ကြည့်နေတာကို သူ မလိုလားပေ။
ဂျန်ဝုရှီ မျက်မှောင်ကြုတ်သွား၏။ ဘာ့ကြောင့် ဖန်ဂျင် တောင်းပန်နေမှန်း သူမ နားမလည်ပေ။ ထို့ကြောင့် သူ့ပြောစကားကို လုံးဝ လျစ်လျူရှူထားလေ၏။
ညစ်ပတ်နေတယ်။ သို့သော်ငြား ဂျန်ဝုရှီက စကားတစ်လုံးတည်းဖြင့်သာ ဖန်ဂျင်အား အလွန် ညစ်ပတ်နေကြောင်းကို နှာခေါင်းပိတ်၍ လက်ညှိုးထိုးပြကာ ပြောသည်။