၂၉၂။ “အစားထိုးခြင်း - ၁”
ချောမောသည့် လူငယ်မှ အရုပ်ဆိုးဆိုး လူကြီးပုံစံ ပြောင်းသွားခြင်းက ကျောက်ချူအတွက် လွန်ကဲလွန်းသွား၍ ယှဉ်ကြည့်လို့ပင် မရပေ။
“ပြီးတော့ ဘာဆက်လုပ်ရမလဲ” အရုပ်ဆိုးသော်ငြား စိတ်ထဲ ထည့်မထားတော့ဘဲ ဟွာယောင်းက ဂျန်ဝုရှီ၏ အပြည့်အဝ ပုံစံပြောင်းလဲပေးခြင်းကို စောင့်ဆိုင်းနေသည်။
ဂျန်ဝုရှီက စကားအပို မပြောတော့ဘဲ သူမအင်္ကျီလက်အိတ်ထဲမှ ဆေးပုလင်းများကို ဆွဲထုတ်လိုက်သည်။
နောက်ခဏတွင် ဖြစ်လာသည်က ကျောက်ချူ၏ မျက်လုံးများကို ကျွတ်ထွက်မတတ် ဖြစ်သွားစေသည်။
ထူးဆန်းပြီး နာမည်မသိရသည့် ဆေးအမျိုးမျိုး ရောစပ်ကာ ဟွာယောင်း၏ မျက်နှာကို သုတ်လိမ်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်, ချောမွေ့နေသည့် အရေပြားက ကြမ်းထော်ပြီး တွန့်ရှုံ့လာပြီး ဖြူဖြူစင်စင်မှ အစက်အပြောက်များ စွန်းထင်းဟန် ဖြစ်လာသည်။ လှပသည့် မျက်လုံးဘေးနားမှ အသားများက တွဲအိကျလာပြီး မျက်ပေါက်က ကျဉ်းသွားသည်။ ဂျန်ဝုရှီက ဆက်လက်၍ ဟွာယောင်း၏ လည်ပင်း, လက်နှင့် အခြား ပေါ်ထွက်နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို သုတ်လိမ်းပေးသည်။
ခဏအကြာတွင် ဟွာယောင်းက “ခဲချန်ဂျု” ဖြစ်လာ၏။
“သူ့အဝတ်တွေနဲ့ လဲလိုက်။” ဂျန်ဝုရှီက ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် အလောင်းကောင် ခဲချန်ဂျုကို ညွှန်ပြသည်။
ဟွာယောင်းက ကျောက်ချူအား ရွံ့ရှာဟန် ပြသည်။ သို့သော် သူက အလောင်းကောင်မှ အဝတ်များကို ကောက်ယူ၍ လဲလှယ် ဝတ်ဆင်လိုက်သည်။
ဝတ်ရုံက အနက်ရောင် ဖြစ်သည်။ ဟွာယောင်းက ဂျန်ဝုရှီနှင့် ကျောက်ချူရှေ့တွင် မတ်တပ်ရပ်ပြသည်။ တိမ်ဖုံးတောင်ထွတ် အကြီးအကဲ ခဲချန်ဂျုနှင့် တစ်ထပ်တည်း တူသွားသည်။ အရပ်အမြင့်, ခန္ဓာကိုယ် လုံးပတ်, မျက်နှာသွင်ပြင် အရာအားလုံးက ချွတ်စွပ်တူနေသည်။ ကျောက်ချူက အကြာကြီး ကြည့်နေပြီးမှ စကားသံ ထွက်လာသည်။