၈၉၅။ လုပ်ကြံသတ်ဖြတ်ခြင်း(၁)
အချိန်က တိတ်ဆိတ်စွာ ကုန်ဆုံးလာသည်။ လရောင်ကို တိမ်များ ဖုံးအုပ်သွားသည်။ ထိုစဉ် အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် အလင်းဖျော့ဖျော့လေး တောက်ပလာသည်။
၎င်းအချိန်က လူများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသော အချိန်ဖြစ်သည်။ ထိုအခိုက်မှာ ပျားပန်းခတ်မျှ လှုပ်ရှားသက်ဝင်နေသော မီးတိုင်းပြည်က တိတ်ဆိတ်ငြိမ်ကျသွားသည်။ မငြိမ်းသေးသော ဖယောင်းအလင်းများက ဟိုတစ်စ သည်တစ်စ။
ထိုတိတ်ဆိတ်နေစဉ်မှာပင် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားသော လူတစ်စုက ထာဝရအမိုးခုံး တည်းခိုအိမ်၏ တံတိုင်းနောက်ဘက်တွင် ပေါ်ထွက်လာသည်။ သူတို့က ပေါ့ပါးသွက်လက်စွာ တံတိုင်းကို ခုန်ကျော်၍ တည်းခိုအိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသည်။
ညစောင့်က တည်းခိုအိမ်နောက်ဘက်တွင် ထိုင်နေသည်။ သူက ပင်ပန်းလွန်းနေပုံ ရပြီး အိပ်ချင်မူးတူး ဖြစ်နေသည်။ သူ၏ တစ်ဝက်ပွင့်နေသော မျက်လုံးများက အိပ်ချင်ခြင်း အပြည့် ဖြစ်နေသဖြင့် သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသည်။ သူ့ခေါင်းက တစ်ဖက်သို့ ငိုက်ကျနေသည်။ လေအေးတစ်ချက် သူ့ကို ဖြတ်တိုက်သွားလျှင် သူ တုန်ယင်လျှက် နိုးထလာသည်။ ဖျော့တော့တော့ ကောင်းကင်အောက်တွင် အနက်ရောင်ဝတ်လူတစ်စု ဝင်းအတွင်းသို့ ခုန်ကျော်ဝင်ရောက်လာတာကို သူ ရုတ်တရက် တွေ့မြင်လိုက်သည်။
အစောင့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ အော်ဟစ်မည် ဟန်ပြင်စဉ်မှာပင်, အနက်ရောင်ဝတ်စုံရှင်တစ်ယောက်က သူ့နောက်သို့ ရောက်လာပြီး သူ့လက်ဖြင့် အစောင့်၏ ပါးစပ်ကို ပိတ်ဆို့၍ သူ့လည်ပင်းကို လိမ်ချိုးပစ်လိုက်သည်။
ဂျွတ်ခနဲ အသံတစ်ချက် ထွက်လာပြီး အစောင့်၏ လည်ပင်းရိုး ချက်ချင်း ကျိုးသွားပြီး သူ၏ နောက်ဆုံး အော်သံက လည်ချောင်းထဲမှာပင် နစ်မြုပ်သွားလေ၏။
အနက်ရောင်ဝတ်စုံရှင်က အစောင့်၏ ပျော့ကျသွားသော ခန္ဓာကိုယ်ကို မြေပြင်သို့ အသံမကြားရအောင် ချထားလိုက်သည်။