၄၁၁။ အသရေဖျက်ခြင်း - ၃
ဂျန်ရှီ နှင်ထုတ်ခံလိုက်ရသည်နှင့် လီဇီမုက သူ့အလိမ်အညာ ပေါ်ပေါက်လာဖို့ စိုးရိမ်စရာ မလိုတော့ပေ။ ထို့ပြင် လူတကာ ချစ်ခင်ကြသော ဂူလီရှန်လို ဆရာမျိုးက တပည့်များကြား သာမန်အငြင်းအခုံကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ တခြားတပည့်များကလည်း သူ့အား ပိုမို၍ အထင်ကြီး လေးစားလာကြမည် ဖြစ်သည်။
ထို့ကြောင့် ဂျန်ရှီကို သည်နေရာမှ ဖယ်ရှားနိုင်သရွေ့ အင်မတန်ခံစားရသော သားကောင်အနေဖြင့် သူ အပီအပြင် ဟန်ဆောင်ရမည် ဖြစ်သည်။
ထမင်းစားခန်းတွင် ရန်မီးပွားက တဗျစ်ဗျစ် ဖြစ်ပေါ်လာသည်။ ကြောင်နက်လေး၏ ခန္ဓာကိုယ်တွင် အနက်ရောင်အခိုးအငွေ့က မသိမသာ တရိပ်ရိပ် ဖြစ်ပေါ်လာသည်။
ဂျန်ဝုရှီ၏ မျက်လုံးများက ရေခဲတမျှ အေးစက်လို့လာသည်။ သူမ၏ ပင်ကိုယ်ဗီဇက ခပ်တန်းတန်း နေတတ်ပြီး တခြားသူများကြား ဝင်ရောက် စွက်ဖက်တတ်သူ မဟုတ်ပေ။ သို့သော် သူမအား အရှက်ခွဲခြင်း အနိုင်ကျင့်ခြင်းကိုတော့ ငြိမ်ခံတတ်သူ မဟုတ်ပေ။
မင်းတို့တွေ ဘာလုပ်နေကြတာလဲ ရုတ်တရက် ထမင်းစားခန်းအတွင်း အော်သံ ပေါ်ထွက်လာသည်။ ၎င်းအော်သံက မိုးခြိမ်းသံတမျှ ကျယ်လောင်ပြီး ထမင်းစားခန်းရှိ လူတိုင်းအား တွန့်ဆုတ်သွားစေသည်။
လူရိပ်တစ်ခုက သူတို့ကို အလျင်အမြန် ဖြတ်ကျော်သွားပြီး ဂျန်ရှီ ဘေးနားသို့ ရောက်ရှိလာသည်။ ကြီးမားတောင့်တင်းသည့် ၎င်းလူရိပ်က သေးကွေးသည့် ဂျန်ရှီအား ရန်လိုနေသည့် လူအုပ်ကြီးမှ အပြည့်အဝ ကာကွယ်ပေးထားသည်။
အ... အကိုကြီး... ဖန် ဂျန်ရှီအား တိုက်ခိုက်ရန် ဟန်ပြင်နေသည့် လူငယ်များက သူတို့ရှေ့ရှိ ခပ်တောင့်တောင့် လူရိပ်ကို မှတ်မိသွားကြသည်။ ပေါက်ကွဲမတတ် ဖြစ်နေသည့် ပတ်ဝန်းကျင်က ချက်ချင်းပင် ငြမ်သက်သွားသည်။
ဂျန်ရှီရှေ့တွင် ရပ်လျက် လူငယ်များမှ ကာကွယ်ပေးထားသည့် အရပ်ရှည်ရှည် လူရိပ်က ဖန်ဂျင်မှ တပါး တခြားသူ မဟုတ်ပေ။
ဖန်ဂျင်က ပုံမှန်အားဖြင့် လွတ်လွတ်လပ်လပ် နေတတ်ပြီး အပြုံးများ ဝေဆာနေတတ်သည်။ သို့သော် ၎င်းအပြုံးများက တစိုးတစိမျှ မရှိတော့ဘဲ ပျောက်ကွယ်သွားကြလေပြီ။ သူ့မျက်နှာက မိုးတိမ်မဲမဲလို မဲမှောင်လို့ နေသည်။ သူက ဂျန်ရှီအား ဝိုင်းထားသည့် လူငယ်များကို ဝေ့ဝိုက် ကြည့်လိုက်သည်။