၃၂၅။ “ခြိမ်းခြောက်ခြင်း - ၁”
ခဲချန်ဂျုက အပြစ်ရှိဟန်, ကြောက်ရွံ့ဟန် တစိုးတစိမျှ မပြဘဲ သူ့တပည့်နှစ်ယောက်ကို ခေါ်ယူ၍ ခန်းမကြီးရှေ့တွင် ပေါ်လာသည်။
သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် အကြီးအကဲများက ဒေါသများ အုံကြွလာကြသည်။ ချင်ယွဲ့သာ ရှိမနေလျှင်, သူတို့က ခဲချန်ဂျုဆီ တဟုန်ထိုး ပြေးသွားပြီး အရေခွံဆုတ်ပစ်နိုင်သည်။
“အကြီးအကဲ ခဲ, ကနေ့ ငါတို့ ဆွေးနွေးစရာ ရှိနေတယ်၊ မင်း တပည့်တွေကို ပြန်လွှတ်လိုက်။” ချင်ယွဲ့က လည်ချောင်းရှင်း၍ ပြောသည်။ ခဲချန်ဂျုက ပိုပိုပြီး မာန်ထောင်လာသည်ဟူ၍ သူက တွေးမိသည်။ ဘာ့ကြောင့် အဓိပတိနှင့် အကြီးအကဲများကြား စည်းဝေးပွဲသို့ သူ့တပည့်များကို ခေါ်ဆောင်လာခဲ့ရသနည်း။
ခဲချန်ဂျုက သာမန်သာ ပြန်ပြောသည် “သူတို့ မကြားသင့်တဲ့ အရာ ဘာမျှ မရှိဘူး၊ ပြီးတော့ အဓိပတိက ငါ့ကို လာဖို့ ပြောထားတာ၊ ငါ ရောက်နေပြီ၊ ငါ့တပည့်တွေကို ခေါ်လာလို့လည်း ငါတို့ရဲ့ အဓိပတိကို အနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။”
သူ၏ မာန်ထောင်သည့် ပြန်ပြောချက်ကြောင့် တခြားအကြီးအကဲများ၏ မျက်နှာများက ပြာနှမ်းနှမ်း ဖြစ်ကုန်သည်။ ချင်ယွဲ့သည်ပင် ဒေါသထွက်သည့် အရိပ်အယောင် ပေါ်လာသည်။
ခဲချန်ဂျုက လူတိုင်းရှေ့တွင် ချင်ယွဲ့အား ပြန်ခံပြောသည်။ သူ့လေသံက အလွန်ပင် မာန်ထောင်နေသည်။ သူက ချင်ယွဲ့၏ အဆင့်အတန်းနှင့် ဩဇာအာဏာကို လုံးလုံး လျစ်လျူရှူထားပုံပင်။
ချင်ယွဲ့၏ မျက်နှာက မဲမှောင်သွားသည်။ သူ့ပြစ်ချက်မှတ်တမ်းက ခဲချန်ဂျုလက်ထဲမှာသာ မရှိလျှင်, သူက ချက်ချင်းပင် ပေါက်ကွဲပစ်မှာ ဖြစ်သည်။
ချင်ယွဲ့က သူ့ဒေါသကို ထိန်း၍ ဘာမှ မဟုတ်သလို ရှေ့ဆက်လိုက်သည်။
“အကြီးအကဲ ခဲ, ဘာလို့ မင်းကို ဒီ ဆင့်ခေါ်လိုက်သလဲ, မင်း သိလား” ချင်ယွဲ့က လေသံမှန်မှန်ဖြင့် မေးသည်။