၈၃၁။ တောင်းပန်ပါတယ်, ဒါ ကျုပ်အလှည့်ပါ (၆)
မနက်ခင်းဖြစ်ပြီး ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော် လမ်းမကြီးတွင် လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေသည်။ ပျားပန်းခတ် လူအုတ်ကြီးအတွင်းမှ နားကွဲလုမတတ် အော်ဟစ်သံက မနက်ခင်း အေးစက်သော လေထုကို ထိုးခွဲ၍ ထွက်လာသည်။ လူများက အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။
စုတ်ပြတ်၍ မျက်နှာဖြူရော်နေဟန်ရသော လူငယ်တစ်ယောက်က အော်ဟစ်၍ လူအုပ်ကြားထဲ အသဲအသန် ကုန်းရုန်း၍ ပြေးလွှားလာနေတာကို သူတို့ မြင်လိုက်ကြသည်။
လူငယ်၏ အသွင်အပြင်နှင့် ဝတ်စုံကို ကြည့်လိုက်လျှင်, သူက လိပ်ပြာတိုက်ပွဲဝင်မှန်း သိသာသည်။ ဘာ့ကြောင့် လူငယ်က ရုတ်တရက် ဒီနေရာမှာ ပေါ်လာပြီး မိန်းလမ်းမကြီးပေါ်ရှိ လူတိုင်း၏ နားများအား တုန်လှုပ်စေနိုင်သော စကားများကို အော်ဟစ်လျက် ကုန်းရုန်း၍ ပြေးလွှားလာရသနည်း, သူတို့ သိချင်သွားကြသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပသော ခမ်းနားထည်ဝါသော လိပ်ပြာတိုက်ပွဲက ဘုရင့်နေပြည်တော်ရှိ လူတိုင်းအား ဆွဲဆောင်ထားသည်။ ဒီနှစ် လိပ်ပြာတိုက်ပွဲနှင့် ပတ်သက်သော အကြောင်းအရာများကို လူများက အနည်းနှင့် အများတော့ ကြားထားကြသည်။
အိမ်ရှေ့စံက လေညင်းကျောင်းတော်မှ တပည့်တစ်ယောက်ကို ကာကွယ်လိုသဖြင့် လျှို့ဝှက်သိုသိပ်သော နည်းလမ်းဖြင့် တခြားကျောင်းတော်များမှ ပြိုင်ဘက် ကျောင်းသားများကို ဖိအာပေး၍ လက်လွှတ်အရှုံးပေးခိုင်းကြောင်း သတင်းက ဘုရင့်နေပြည့်တော်တွင် အစွန်အဖျားပါ မကျန် ပျံ့နှံ့ပြီး ဖြစ်သည်။
သို့သော် ဒီလူငယ်၏ စကားများက ရုတ်တရက် မိန်းလမ်းမကြီးပေါ်ရှိ လူတိုင်းအား သံသယပွားစေတော့သည်။
ဇောင်းရွှမ်နောက်သို့ လိုက်ဖမ်းသော လူကြီးက ဇောင်းရွှမ်ကို လူအုပ်ကြားထဲ ပြေးဝင်၍ အဆက်မပြတ် အော်ဟစ်နေတာကို တွေ့ရလျှင် သူ့မျက်နှာ နက်မှောင်သွားလေ၏။ အမိန့်ပေးသော အနက်ရောင်ဝတ်စုံဝတ်လူလည်း သူတို့ နောက်ဘက်မှ လိုက်လာခဲ့သည်။ သူလည်း ဇောင်းရွှမ်အော်ဟစ်နေသော စကားများကို ကြားရ၍ ဒေါသထွက်လွန်ပြီး ထိုနေရာမှာပင် မေ့လဲသွားမတတ် ဖြစ်သွားရသည်။