၂၇၂။ “အကိုဟွာ - ၁”
သူမရှေ့မှ မြင်ကွင်းကြောင့် သူမ ခေါင်းက တစီစီ မြည်သွားသည်။ ထိုစဉ် သူမက အိပ်မက်ဆိုးအကျဉ်းထောင်ထဲ ပို့ဆောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ မိစ္ဆာနတ်ဆိုး၏ လက်အောက်တွင် မကြည့်ချင်သည့် လူသားမဆန်သော နှိပ်စက်ညှဉ်းဆဲခြင်း အမျိုးမျိုးကို အတင်းကြည့်ခိုင်းခံရသလို ဖြစ်သွားသည်။
ကျောက်ချူက ဂျန်ဝုရှီ၏ ရုတ်တရက် မျက်နှာဖြူရော်သွားတာကို သတိပြုမိ၍ အပြစ်ရှိသလို ခံစားလိုက်ရသည်။
“ငါ မင်းကို ဒါတွေ မမြင်စေချင်ပါဘူးကွာ...” သူက တိမ်ဖုံးတောင်ထွတ်အတွင်း ဖုံးကွယ်ထားသည့် သည် စက်ဆုပ်ရွံ့ရှာဖွယ်နေရာကို အသေအချာ သိသည်။
“ငါ အဆင်ပြေတယ်” ဂျန်ဝုရှီက သတိပြန်ထား၍ သူမလက်ကို ယမ်းပြသည်။ သူမက သည်နေရတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်အောင် ပြာချပစ်ချင်နေမိသည်။
သူမက ကြောက်ရွံ့ခြင်း လုံးဝ မရှိချေ။
ကျောက်ချူက ဂျန်ဝုရှီအား မည်သို့ ဖြေသိမ့်ပေးရမှန်း မသိ၍ ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်နေမိသည်။ ထို့နောက် သူက ဆက်လက်၍ အနက်ရှိုင်းဆုံးသော နေရာသို့ ဦးဆောင်သွားသည်။
သူတို့ နက်နက်ရှိုင်းရှိုင်းသို့ ပိုဝင်မိလေ, စက်ဆုပ်ဖွယ် မြင်ကွင်းများကို ပိုတွေ့လာရလေ ဖြစ်သည်။ တိမ်ဖုံးတောင်ထွတ်အတွင်းတွင် ငရဲခန်းက ပုန်းလျှိုးကွယ်လျှိုးဖြင့် တည်ရှိနေသည်။ ၎င်းငရဲခန်းက သက်ဝင်လှုပ်ရှားနေသည့် အိပ်မက်ဆိုးဖြစ်သည်။
နောက်ဆုံးတွင် ကျောက်ချူက နံရံတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။ နံရံပေါ်တွင် အရပ်မြင့်မြင့် လူငယ်တစ်ယောက်ကို တင်ပါးဆုံရိုးများကို ဖောက်၍ ချိတ်ဆွဲထားသည်။ တခြား တံကျင်ကိုးခုကိုလည်း သူ့ခန္ဓာကိုယ်ထဲ ထိုးစိုက်ထားပြန်သည်။ သူ့လက်နှစ်ချောင်းကို သံကြိုးများဖြင့် ချည်နှောင်၍ မျက်နှာကျက်တွင် တန်းလန်းဆွဲထားသည်။ သူ့ဒဏ်ရာများမှ သွေးများက စီးဆင်းနေပြီး ခြေထောက်အောက်မှာ သွေးအိုင်ဖြစ်နေသည်။