၅၇၁။ သတ်ဖြတ်သူ လူငယ်-၃
ဒီလောက်တောင် အားနည်းရသလား, အရမ်း အားနည်းလွန်းတယ် လူငယ်က ခြေတစ်ဖက်ကို သူ့သီးသန့်အခန်း၏ ဝရံတာလက်ရမ်းပေါ်သို့ တင်၍ ခေါင်းရမ်းကာ ပြောသည်။ သူက လှေခါးထစ်များတွင် လဲပြိုကျနေသော သက်မဲ့ကိုယ်များကို ငုံ့ကြည့်သည်။ ထိုသက်မဲ့ကိုယ်များ၏ ဦးခေါင်းမှန်သမျှ အကုန် ပွင့်ထွက်သွားကြသဖြင့် အစစ်အမှန် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းဖြစ်သည်။
စင်ပေါ်တွင် မာတောင့်တောင့်ကြီး ရပ်နေသော လေလံပစ်သူက သူ့ခြေထောက်များမှာ ရုတ်တရက် အားအင်များ ပျောက်ဆုံးကုန်ပြီး မြေပြင်ပေါ် ဖင်ထိုင်လဲကျသွားသည်။ ပုံမှန်မဟုတ်သော ကြမ်းကြုတ်ရက်စက်သော လူငယ်ကို မော့ကြည့်လျက် သူ့တစ်ကိုယ်လုံးက တုန်ယင်နေလေ၏။
ထိုလူငယ်က အင်မတန် ကြည့်ကောင်းသော ရုပ်သွင် ရှိသည်။ သို့သော် သူက မိစ္ဆာနတ်ဆိုးနှင့် ကွဲပြားခြားနားမှု မရှိချေ။
လူအုပ်ကြီး လူစုကွဲသွားပြီး နေရာတစ်ခုလုံး တိတ်ဆိတ်သွားတာကို သူ မြင်သည်။ ဆွဲဆောင်အားကောင်းသော ထိုလူငယ်က အထင်အမြင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက် သူနှင့် မျက်နှာချင်းဆိုင် သီးသန့်အခန်းတွင် ရှိသည့် ဂျန်ဝုရှီအပေါ် သူ့အကြည့် ရောက်ရှိလာပြီး ဂျန်ဝုရှီနှင့် အကြည့်ချင်း ဆုံမိသွားသည်။
ထိုလူငယ်၏ မျက်နှာပေါ်တွင် သွေးများ စီးမြောနေတုန်းပင်။ ဂျန်ဝုရှီနှင့် အကြည့်ချင်း ဆုံလိုက်လျှင် သူ ခဏလောက် တောင့်တင်းသွားသည်။
ကြည်လင်ပြီး အေးစက်စက် မျက်လုံးများတွင် ကြောက်ရွံ့ထိတ်လန့်ဟန်ကို သူ တစိုးတစိမျှ မတွေ့ရချေ။ ထိတ်ထိတ်ပျာပျာ ဟန်ပန်ကိုလည်း သူ မတွေ့ရပေ။ တည်ငြိမ်အေးစက်ခြင်းကိုသာ သူ တွေ့လိုက်ရသည်။
ဆွဲဆောင်အားကောင်းသော ထိုလူငယ်၏ နှုတ်ခမ်းများ တွန့်ကွေး၍ တက်သွားသည်။ သူက ပါးစပ်ဟ၍ အသံတိတ် ပြောလိုက်သည်...
ငါ့ကို ကြည့်နေ, မင်း အသတ်ခံရလိမ့်မယ်။
ဂျန်ဝုရှီက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
